Friday, December 30, 2011

ဝပြည် သွေးစည်း ညီညွတ်ရေးပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ သဘောတူညီချက်


၃၀-၁၂-၂၀၁၁ BNI NEWS
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့နှင့် ၀ အထူးဒေသ(၂) ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ ညှိနှိုင်း ဆွေးနွေးချက်အရ အောက်ပါအချက်များကို ၂၀၁၁ခုနှစ် ဒီဇင်ဘာ
 (၂၆) ရက်နေ့တွင် ပန်ဆန်းမြို့၌ သဘောတူ လက်မှတ်ရေးထိုးကြပါသည်။

၁။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်(၀) အထူးဒေသ(၂)ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့တို့ ၂၀၁၁ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် လားရှိုးမြို့၌ သဘောတူလက်မှတ်ရေး ထိုးခဲ့ကြသော သဘောတူ ညီချက်များကို ဆက်လက် အကောင်အထည်ဖော်ကြရန် သဘောတူသည်။

၂။ (၀) အထူးဒေသ(၂) နယ်မြေအတွင်း မှီတင်းနေထိုင်ကြသော တိုင်ရင်းသားများ၏ လူမှုဘ၀မြင့်မား ရေးနှင့်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စုအစိုးရမှ ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်ပေးရန် အတွက် နှစ်ဖက်ညှိနှိုင်းပြီး နှစ်တို နှစ်ရှည်လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးစီမံ ချက်များ ချမှတ်ဆောင်ရွက်ရန် သဘောတူသည်။

၃။ (၀) အထူးဒေ(၂) နယ်မြေအတွင်းရှိ တိုင်းရင်းသား လူငယ်များ၏ တွေးခေါ်မြော်မြင်မှု ၊အသက်မွေးဝမ်း ကျောင်းအတတ် ပညာများတတ်မြောက်မှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတို့ကိုမျှော်မှန်းပြီး ပညာသင်ယူနိုင်မှု အခွင့်အလမ်းများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်ထောင်စုအစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။

၎။(၀) အထူးဒေသ(၂) နယ်မြေအတွင်းရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့်ရှောက်နိုင်မှုအတွက် ကုသရေး၊ ကာကွယ်ရေး၊ ပညာပေးရေး လုပ်ငန်းစဉ်များကို ဒေသခံပြည်သူများပါ ကျန်းမာရေးအသိ စိတ်ဓါတ်များ ရရှိလာပြီး ကိုယ်တိုင်ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်သော အဆင့်ရှိလာရန် ရှေရှည်စီမံ ချကများချမှတ်၍ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် သဘောတူခဲ့ကြသည်။

၅။(၀)အထူးဒေသ(၂) နယ်မြေအတွင်းရှိ မြို့နယ်များမှ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်ထောင် စုသမ္မတမြန်မာ နိုင်ငံတော်၏ လွှတ်တော်အဆင့်ဆင့်တွင် ပါဝင်ပြီး နိုင်ငံတော်နှင့် ဒေသအတွင်းအရေး အရာများကို (၀) အထူးဒေသ(၂) နယ်မြေ ရှိ ပြည်သူ့ဆန္ဒများနှင့်အညီ ဖော်ထုတ်တင်ပြ စီမံခွင့်ရရှိနိုင် ရေးအတွက် ဆက်လက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန် သဘောတူသည်။

၆။ (၀) အထူးဒေသ (၂) သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အရေးပါသော အစိတ်အပိုင်း ဖြစ်သည်။ (၀)} အထူးဒေသ(၂) သည် နိုင်ငံတော်အား သွေကွဲစေခြင်း၊နိုင်ငံတော်မှခွဲထွက်ခြင်းစ သည်တို့ကို လုံးဝပြုလုပ်မည် မဟုတ်ကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးအတွက် (၀) အထူးဒေသ(၂)၏ စွမ်းရည်များအား လှုဒါန်းပေးဆောင်သွားရန် သဘောတူညီပြီးဖြစ်သည်နှင့်အညီ ဆက်လက်၍ နိုင်ငံတော်၏ လုံခြုံရေး ကာကွယ်ရေးအတွက် နိုင်ငံတော်၏ ကာကွယ်ရေး အင်အားစုများနှင့် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆက်လက် ညှိနှိုင်းဆွေးနွေးသွားရန် သဘောတူသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့-
(၀) အထူးဒေသ(၂)ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ 