Tuesday, February 5, 2013

အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲ

 ၂၀၁၃-၂-၅
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တို့ ဦးစီး (၆)ဦး၊ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆွေးနွေးရေးအဖွဲ့မှ ဦးဆွမ်လွတ်ဂမ်နှင့် ဗိုလ်ချုပ် ဂွမ်မော်တို့ ဦးစီး (၅)ဦး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui ဦးစီး(၂)ဦး၊ ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူး ဦးစီး (၃)ဦး၊ ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် အချက် (၅)ချက်ပါ ပူးတွဲကြေညာချက်အား နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ကြသည်။
အဆိုပါပူးတွဲကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ပူးတွဲကြေညာချက်

၁။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)   ဆွေးနွေးရေးအဖွဲ့တို့သည် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ရက်နေ့ (ဝ၉းဝဝ)အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး (၁၆း၁၅)       အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

၂။ ယခုဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး               Mr. Luo Zhaohui ၊ ကရင်အမျိုးသား အစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်(၁)ဦး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့်အဖွဲ့ဝင်(၂)ဦး၊ ဦးဟန်ညောင်ဝေ            နှင့် ဦးဗစ်တာဗျက်လျန်တို့ သက်သေများအဖြစ် တက်ရောက်ခဲ့ကြပါသည်။

၃။ ယခုဆွေးနွေးပွဲတွင် နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းထားရှိရေး၊ နှစ်ဖက်စစ်ရေး တင်းမာ မှုများ လျှော့ချနိုင်ရေး၊ နောက်တစ်ကြိမ် အစည်းအဝေး အတွက် ပြင်ဆင်မှု၊ နောက်တစ်ကြိမ်       ဆွေးနွေးပွဲ တွင် လေ့လာသူ များနှင့် သက်သေအဖြစ် ပါဝင်နိုင်မည့် အဖွဲ့အစည်းများအား      ဖိတ်ခေါ်ရေး တို့ကို ဆွေးနွေးခဲ့ကြပါသည်။

၎။နောက်တစ်ကြိမ်ဆွေးနွေးပွဲကို KIO အဖွဲ့အစည်းအနေဖြင့် UNFC နှင့် ညှိနှိုင်းပြီးနောက်      ဖေဖော်ဝါရီလ မကုန်မီ ကျင်းပရန်နှင့် အစိုးရနှင့် KIO အကြား နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပသွားကြရန် သဘောတူကြပါသည်။

၅။အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်       ရန် ပဋိပက္ခ ဖြစ်ပွားသော နေရာ များကို လေ့လာ စောင့်ကြည့် စိစစ်ရေးစနစ် ပေါ်ပေါက်ရန် ဆက်လက် ဆွေးနွေး ဆောင်ရွက်ရန် သဘောတူညီသည်။
၂ဝ၁၃ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်။ ရွှေလီမြို့။