ဧရာဝတီသည် လွန်ခဲ့သောနှစ်ပေါင်း ၄၅ သန်းကျော်ကပင် ရှိနေခဲ့သည်ဟု မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ တွင် ရေးသားထား ပါသည်။ မိခင်ဧရာဝတီသည် ကချင်ပြည်နယ် ပူတာအိုမြို့မြောက်ဖက် 'ထိလာ
ရေခဲတောင်'၊ 'လန်ဂွေရေခဲတောင်' များတွင် ချောင်းဖျားခံ၍ မေခ၊ မလိခ မြစ်နှစ်သွယ်ကို ဖြစ်ပေါ် စခဲ့သည်။
မလိခ ဆိုသောစကားမှာ ကချင်စကား Mali Hka မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကချင်ဘိုးဘွား လေးဦး စတင်ဖြတ်သန်းခဲ့ခြင်းကြောင့်ဟု ဆိုသည်။ ကချင်ဘာသာတွင် မလီ (mali) မှာ ၄ ဖြစ်၍ မင် manga မှာ ၅ ဖြစ်သည်။ ပေပေါင်း ၁၅၅၀၀ ကျော်မြင့်သော နှင်းဖုံးတောင်တန်းကြီးများမှ စတင်ခဲ့သော ဧရာဝတီသည်

ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ မိခင် ကျေးဇူးရှင်ပင် ဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊သယံဇာတ
တူးဖော်ရေး လုပ်ငန်းအားလုံးကို မိခင်ဧရာဝတီက ပံ့ပိုးကူညီလျက် ရှိသည်။'ဧရာ'ဟူသော အရေးအသားကို
ရှာဖွေသောအခါ အင်းဝ ရွှေနန်းကြော့ရှင်လက်ထက် ခရစ်နှစ် ၁၄၈၅-ခုနှစ်ထိုး စစ်ကိုင်းမြို့ ရတနာ စေတီ ကျာက်စာတွင် အစောဆုံး တွေ့ရ၏။ ထို့ထက်စော၍ ဧရာဟူသော အရေးအသားကို ရှာမတွေ့ခဲ့ပါ။
ဧရာဝတီ၏ အဓိပ္ပာယ်
နန်ချောင်ရှမ်းတို့က 'လူပေ' ၊ မောရှမ်းတို့က 'နမ့်ကျို'ဟု အမြတ်တနိုး ခေါ်ခဲ့ကြသည်။ နမ့်ကျိုဆိုသည်မှာ (နမ့် = ရေ + ကျို = ကျောက်မျက်ရတနာ) ဟူ၍ အဓိပ္ပာယ်ရသည်။
သို့အတွက် ဧရာဝတီဆိုသည်မှာ 'ကျောက်မျက်ရတနာများ ထွက်သော နေရာ' ဟု ဆိုလိုသည်။ တရုတ်တို့ကမူ ဤမြစ်ကြီးကို 'လိရွှေ' ဟုခေါ်သည်။ ရွှေမှုန်များဖြင့် လင်းလက်နေသော ရွှေသဲမြစ်ဟု ဆိုလိုသည်။ တရုတ်တို့က သူတို့၏ ယန်စီမြစ်ကြီးကိုလည်း လိရွှေဟုပင် ခေါ်ကြသည်။

အချို့က ဧရာဝတီဟူသည် ဟင်ဒီစကား ဣရ၀တီမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ အဓိပ္ပာယ်မှာ 'ဆင်မြစ်ကြီး' ဟု ခေါ်ကြောင်း၊ စားသောက်ဖွယ်ရာ ရတနာမျိုးစုံကို ရစေနိုင်သဖြင့် ဆင်မြစ်ခေါ်ကြောင်း
ရေးသားပြောဆိုကြလေသည်။ ထို့ပြင် သင်္သကရိုက်ဘာသာတွင် ရှိသော (ပရုမတီ)မှာ အားသစ်ဖြည့်သူဟု ဆိုရာ 'ဤဧရာဝတီမှာ အားမာန်တက်စေသည့်မြစ်' ဟုလည်း ဆိုနိုင်ပေသည်။အားလုံးကို ချုပ်၍ဆိုရပါလျှင် ဧရာဝတီသည် ရွှေသဲမြစ်၊ ရတနာမြစ်၊ လှပသောမြစ်၊ ဆင်မြစ်၊အားသစ်ဖြစ်လာသော မြစ်ဟု ဆိုနိုင်ပေရာ သိင်္ဂါနဒီ မြန်ပြည်မြောက်ဖျားမှ ဘင်္ဂလားပင်လယ်သို့တိုင် မိုင်ပေါင်း ၁၃၅၀ ကျော်စီးဆင်းသွားသော မိခင်ကြီး တစ်ပါးသာ ဖြစ်ပေတော့သည်။
မြစ်ကျဉ်းလေးခု ဖြစ်တည်မှု
မိခင်ဧရာဝတီကို အပိုင်းသုံးပိုင်းခွဲ၍ လေ့လာနိုင်ပါသည်။ အထက်ပိုင်းဧရာဝတီ၊ အလယ်ပိုင်း ဧရာဝတီနှင့် အောက်ပိုင်းဧရာဝတီ (မြစ်ဝကျွန်းပေါ်ဒေသ) ဟူ၍ ဖြစ်သည်။ အထက်ပိုင်းဧရာဝတီကို တန်ဖဲဇွပ် (Tang hpe' zup)ဟု ခေါ်သည်။ Zup ဇွပ်မှာ ကချင်စကားဖြစ်သည်။ (ဆုံခြင်း၊ တွေ့ဆုံခြင်း) ဟု အဓိပ္ပာယ်ရသည်။ မေခနှင့်မလိခတို့ဆုံရာ ဖြစ်၍ တန်ဖဲဟု ခေါ်ကြသည်။ တန်ဖဲမှ တောင်ဖက်သို့ ၂၆ မိုင် ဆင်းသွားလျှင် မြစ်ကြီးနားမြို့၊ အရှေ့ဖက်ကမ်းတွင် ၀ိုင်းမော်မြို့များကို တွေ့ရမည်။ 'ဗန်းမော်ထက်အောက်၊ ရွှေမန်းမြောက်၊ မှတ်လောက်ပြည်အထက်'ဟု ဧရာဝတီမြစ်ရှိ မြစ်ကျဉ်းလေးခုအကြောင်း အတိုချုပ်လင်္ကာဖြင့် မှတ်သားနိုင်သည်။
ပထမမြစ်ကျဉ်းသည် ဗန်းမော်မြို့ အထက်ဖက်တွင် ရှိသည်။ ဗန်းမော်မရောက်မီ ဆင်ဘိုရွာ အနီး မြစ်သာနှင့်သုံးမိုင်အကွာ၌ ထိုမြစ်ကျဉ်း ရှိသည်။ မြစ်နေရာမှာ ကျဉ်းလွန်းလှ၍ သင်္ဘောကြီးများ ခုတ်မောင်းသွား လာရန်အခက်အခဲရှိသည်။ မြစ်မင်းဧရာ၏ ဘေးတစ်ဖက်တစ်ချက်တွင်ကျောက်ကမ်း ပါးကြီးများကို မတ်စောက်စွာ တွေ့ရသည်။အရှေ့ဖက်နှင့်အနောက်ဖက်ကမ်းပါးနှ စ်ခုမှာ ပေသုံးလေး ရာကျော်သာဝေးသည်။ ကိုက်ဖြင့်တွက်လျှင် ၁၀၀၊ ၁၅၀ သာ ရှိသည်။ သင်္ဘောများကို ထိုမြစ်ကြောင်း၏ အလယ်ခေါင်မှ တဖြည်းဖြည်းချင်း မောင်းတက်ကြရသည်။ဒုတိယမြစ်ကျဉ်းသည် ဗန်းမော်နှင့်

ရွှေကူအကြားတွင် ရှိသည်။ ရွှေကူအနီး စင်းခန်းရွာတစ်ဝိုက်၌ ထိုမြစ်ကျဉ်းကို တွေ့နိုင်သည်။ ဒုတိယမြစ်ကျဉ်းသည် မြစ်ပြင်နည်းနည်းကျယ်သဖြင့် ပထမမြစ် ကျဉ်းလောက် ကြောက်စရာမရှိပေ။ ၀ဲယာရှုခင်းများကလည်း ကောင်းသည်။ ထိုမြစ်ကျဉ်းတွင် နတ်မျက်နှာတောင်နှင့် ဥဒေါင်းတောင်များ ရှိသည်။ မြတ်စွာဘုရား ဥဒေါင်းမင်းဖြစ်စဉ်က စံနေခဲ့ဖူးသဖြင့် ဥဒေါင်းတောင်ဟု ခေါ်ကြောင်း ပြောစမှတ်ရှိသည်။
တတိယမြစ်ကျဉ်း
ဒုတိယမြစ်ကျဉ်းကို ကျော်မိလျှင် ဗန်းမော်အောက်ဖက် ၃၅ မိုင်အကွာ ရွှေကူမြို့သို့ ရောက်သည်။ သာသနာထွန်းကားသောမြို့ ဖြစ်၏။ ရွှေကူမှ ဆင်းသွားလျှင် ကသာရောက်သည်။ ထိုမှ သပိတ်ကျင်းသို့ ရောက်သည်။ သပိတ်ကျင်းအထက်ဖက် ၁၀ မိုင်အကွာ မလည်ရွာတစ်ဝိုက်တွင် တတိယမြစ်ကျဉ်း ရှိသည်။ ထိုနေရာတွင် ဧရာဝတီမြစ်၏ အကျယ်မှာ ကိုက် ၅၀၀ သာသာ ရှိသဖြင့် ပထမ၊ ဒုတိယမြစ်ကျဉ်းများလောက် စိုးရိမ်ဖွယ်ရာမရှိပေ။
စတုတ္ထမြစ်ကျဉ်း ရွှေမန္တလေးမှ အောက်သို့စုန်ဆင်းသွားလျှင် ချင်းတွင်းနှင့်ဧရာဝတီဆုံရာ ရေစကြို၊ ပခုက္ကူသို့ ရောက်သည်။ မြစ်ဆုံအောက်ဖက်တွင် ချောက်၊ ရေနံချောင်း၊ မကွေးမြို့များ ရှိသည်။
ချောက်ရေနံချောင်းမြေလွှာမှာ ကျောက်စရစ်သဲမြေ၊ မြေကမူများ ဖြစ်သည်။ မကွေး၊ မင်းဘူးကျော်
လျှင် ပြည်မြို့နှင့် နီးသွားသည်။ အနောက်ဖက်ကရခိုင်ရိုးမ၊ အရှေ့ဖက်က ပဲခူးရိုးမ ညှပ်လျက်ရှိရာ ထိုနေရာတွင် စတုတ္ထမြစ်ကျဉ်း ဖြစ်နေလေသည်။
အကျယ်သိလိုသူများ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၅ တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။
ကိုတင့်