Saturday, May 26, 2012

ရေတပ်ကလယ်မြေတွေကိုဘူဒိုစာနဲ့ ကော်နေပြီ

ဦးသောင်းထွန်း ( ဒီမိုကရက်တစ် ပါတီ မြန်မာ) 

ရန်ကုန်တိုင်းသံလျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာကလယ်မြေတွေကိုအဆောက်အဦးဆောက် လုပ်ဖို့အတွက် မေလ ၂၃ရက်နေ့ အမှတ်(၁) ရေတပ်စခန်း က ဘူဒိုစာမြေတူးစက်နဲ့ ဒုတိယ အကြိမ်ထိုးကော်နေပါတယ်။
အရင်ကဒီလယ်ကွက်တွေကိုမသိမ်းဖို့ လယ်သမားတွေဘက်ကအကြိမ်ကြိမ်တောင်းပန်ခဲ့ပေမယ့် အဆောက်အဦးဆောက်လုပ်ဖို့ စီမံကိန်းဆိုပြီးလယ်မြေဧက ၂၀၀ကျော်ကို သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဘိုးစဉ်ဘောင်ဆက် ဓါးဦးမချ လုပ်ကိုင်လာတဲ့ လယ်သမားတွေအဖို့ မိုးတွင်းရောက်ခါနီးလယ်ထွန်းပျိုးကြဲဖို့အချိန်မျိုးမှာမှ အခုလိုဘူဒိုစာနဲ့ ထိုးခံရတာပါ။

“ ဒါဟာသပ်သပ်မယ့် အာဏာနဲ့ နှိပ်ကွပ်နေတာပါ။ ကျနော်တို့ဆီကနေ ၁၅နှစ်လုံးလုံးသိမ်းယူခဲ့တယ်။ ဘာအဆောက်အဦးမှ မလုပ်ဘူး။ ကျနော်တို့ လယ်သမားတွေဆီကနေလဲ ၁ဧက ကို ၁၀တင်းနှုန်း ယူသေးတယ်။ ဟောခုအခါလဲမိုးတွင်းရောက်ခါနီးမှ အခုလိုအတင်းထိုးကော် သွားတာ။ တော်တော်လေး တရာလွန်နေတယ်လို့ “ လယ် ၉ ဧကပိုင်ရှင် ဦးဌေးမြင့်က ပြောပြပါတယ်။
လယ်သမားတွေဆီကလယ်ဧက ၂၀၀ကျော်ကို ၁၉၉၈ ခုနှစ်ကအဆောက်အဦးဆောက်လုပ်ဖို့ သိမ်းယူခဲ့တယ်ဖြစ်ပါတယ်။ လယ်သမားတယောက်ကိုနစ်နာကြေး ၅၀၀၀ စီသာပေးခဲ့တယ်လို့ ဆိုပါ
တယ်။ အဲဒီလိုသိမ်းယူခဲ့ပေမယ့် ဘာအဆောက်အဦးမှ မဆောက်ဘဲ ၁၅နှစ်လုံးလုံးဒီအတိုင်းပစ်ထားတာဖြစ်တယ်လို့ လယ်သမားတွေကပြောပြပါတယ်။
အခုလိုဘူဒိုစာတွေနဲ့ လယ်တွေကိုထိုးကော်လိုက်တာကြောင့် အချိန်မှီတားမြစ်ပေးဖို့ သံလျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးကို တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးသောင်းထွန်း ( ဒီမိုကရက်
တစ် ပါတီ မြန်မာ) က သွားရောက်ပြောဆိုခဲ့ပေမယ့် မြို့နယ် ဒုဦးစီးမှူးကတားမြစ်ပိုင်ခွင့် မရှိကြောင်း သာပြောဆိုခဲ့တယ်လို့ ဦးသောင်းထွန်းကရှင်းပြခဲ့ပါတယ်
လယ်သမားတွေဘက်ကသူတို့လယ်မြေတွေကို ပြန်လည်ရရှိဖို့ ၊ မူလအတိုင်း ပြန်လည်စိုက်ပျိုးခွင့် ရဖို့ နိုင်ငံတော် အစိုးရထံစာပို့ တောင်းဆိုခဲ့ပြီးနောက်မှာအခုလိုလယ်တွေကိုဘူဒိုစာနဲ့ ထိုးကော်ပြီး လယ်သမားတွေကိုပြောင်းရွှေ့ဖယ်ရှားပေးဖို့ အမိန့်ထုတ်လိုက်တာပါ။ ဘူဒိုစာနဲ့ ကော်ထိုးတာ ဒီအကြိမ်နဲ့ဆို နှစ်ကြိမ်မြောက် ရှိသွားပြီဖြစ်ပါတယ်။