Thursday, July 14, 2011

NLD တွင်ကျင်းပမည့် ဦးမြင့်၏ စာတမ်းဖတ်ပွဲ တားဆီးခံရမှု

၂၀၁၁-၇-၁၄
by ရန်ပိုင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ပြုလုပ်မည့် သမ္မတအကြံပေးအဖွဲ့ဝင် စီးပွားရေး
ပညာရှင် ဒေါက်တာဦးမြင့်၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးစာတမ်းဖတ်ပွဲကို အစိုးရ၏ ဖိအားပေးမှုကြောင့် 
ဖျက်သိမ်းလိုက်ရကြောင်းNLDတာဝန်ရှိသူ များကပြောသည်။
“နေပြည်တော်က ဖုန်းနဲ့လှမ်းပြီး မလုပ်ဖို့ပြောတာ။ နားထောင်ဖို့စောင့်နေတဲ့လူတွေ တော်တော်စိတ်ပျက်
သွားတယ်” ဟု NLD ပါတီ ခေါင်းဆောင် ဗိုလ်ကြီးဟောင်းဦးဝင်းထိန်က ဆိုသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရန်ကုန် ရွှေဂုံတိုင်ရှိNLD ရုံးချုပ်တွင် ပြုလုပ်ရန် 
စီစဉ်ထားပြီး ပါတီ ၀င်များနှင့် ပြင်ပမှစီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားထားသည်။
ယခုကဲ့သို့ ပိတ်ပင်ခံရမည်ကို စိုးရိမ်သည့်အတွက် စီးပွားရေးပညာရှင် ဦးမြင့်ကသိုသိုသိပ်သိပ်သာ လုပ်ရန်
ပြောဆိုခဲ့ကြောင်း NLD ပါတီဝင် တဦးက ဆိုသည်။
ပြီးခဲ့သည့်လကလည်း ရန်ကုန် အခြေစိုက် NGO တခု ဖြစ်သော Myanmar Egress ၏ ဒါရိုက်တာ အဖွဲ့ဝင်
နိုင်ငံရေး သိပ္ပံပညာရှင် ဒေါက်တာကျော်ရင်လှိုင်က NLDရုံးချုပ်တွင် နိုင်ငံရေးသင်တန်းပေးရန်စီစဉ်သည်ကို 
အစိုးရက ဖိအားပေးသဖြင့်ဖျက်ခဲ့ရသည်။
ယခု စာတမ်းဖတ်ပွဲ ပြုလုပ်မည့် စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်သည်ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ မိတ်ဆွေရင်း တဦးဖြစ်သကဲ့သို့သမ္မတသစ် ဦးသိန်းစိန် အစိုးရအဖွဲ့တွင် သမ္မတ၏
စီးပွားရေး အကြံပေးတဦးလည်းဖြစ်သည်။
သမ္မတဦးသိန်းစိန် တာဝန်ယူခဲ့ပြီးသည့်နောက် ဧပြီလအတွင်းက သမ္မတကို အကြံပေးရန်နိုင်ငံရေး၊ စီးပွားရေး၊ဥပဒေရေးရာ အဖွဲ့များ ဖွဲ့စည်းခဲ့ရာ စီးပွားရေးအကြံပေးအဖွဲ့တွင် ဒေါက်တာဦးမြင့်၊ ဦးဝင်စတန်
ဆက်အောင်၊ ဒေါက်တာတင်လှဗိုလ်တို့က တာဝန် ယူခဲ့သည်။
ပြီးခဲ့သည့် မေလက သမ္မတဦးသိန်းစိန် ဦးဆောင်ပြီး ဆင်းရဲမွဲတေမှု ပပျောက်ရေးစာတမ်းဖတ်ပွဲကို
နေပြည်တော်တွင် ပြုလုပ်ခဲ့ရာ ဒေါက်တာဦးမြင့်က မြန်မာနိုင်ငံ၌ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့်
ပတ်သက်ပြီး စာတမ်းတစောင် တင်သွင်းခဲ့သေးသည်။
အစိုးရ သက်တမ်း ရက် ၁၀၀ မပြည့်မီ ၃ ရက်အလိုက မြန်မာ့အလင်း သတင်းစာတွင် ရက် ၁၀၀အတွင်း
အစိုးရ ဆောင်ရွက်နိုင်မှု များထဲ၌ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စာတမ်းဖတ်ကြားခဲ့ကြောင်း ထည့်သွင်းရေး
သားထားသည်။
ဒေါက်တာဦးမြင့်သည် ရန်ကုန် တက္ကသိုလ်မှ BA (အင်္ဂလိပ်စာပေ၊ နိုင်ငံရေးသိပ္ပံနှင့်ဘောဂဗေဒ) ဘွဲ့ကို 
လည်းကောင်း၊ ကောနဲလ်တက္ကသိုလ်မှ MA (ဘောဂဗေဒ) ဘွဲ့ကိုလည်းကောင်း၊ အမေရိကန်ပြည်ထောင်
စု ဘာကလေရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ PhD(ဘောဂဗေဒ) ကို ဘွဲ့ကိုလည်းကောင်းရရှိခဲ့သူ
ဖြစ်သည်။
၎င်းသည် ရန်ကုန် စီးပွားရေး တက္ကသိုလ် သုတေသန လုပ်ငန်းဌာနတွင် လည်းကောင်း၊ ဘောဂဗေဒ
ဌာနတွင် ကထိက အဖြစ် လည်းကောင်း၊ ရန်ကုန် ပညာရေး တက္ကသိုလ် ဘောဂဗေဒ ဌာနတွင် ကထိက၊
ဌာနမှူး အဖြစ် လည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန စီးပွားရေး ဌာနခွဲတွင်ညွှန်ကြားရေးမှူး အဖြစ် 
လည်းကောင်း တာဝန်များ ထမ်းဆောင်ခဲ့သည်။
ထို့အပြင် ကုလသမဂ္ဂ အဖွဲ့ကြီးတွင် ဝန်ထမ်း အဖြစ် လည်းကောင်း၊ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်
အခြေစိုက်သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်(အာရှနှင့် ပစိဖိတ်ဒေသ) ၏ ဖွံ့ဖြိုးမှု 
အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့်ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာဆန်းစစ်ရေး ဌာနခွဲမှူး 
အဖြစ် လည်းကောင်း၊ အထက်တန်းစီးပွားရေး ပညာရှင် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
စီးပွားရေး သုတေသန စာတမ်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ဆွေးနွေးပွဲများနှင့်အလုပ်ရုံ ဆွေးနွေး
ပွဲများ အတွက် အထောက်အကူပြု စာတမ်းများ၊ အာရှနှင့်ပစိဖိတ်ဒေသ၏ စီးပွားရေးနှင့် လူမှုရေး စစ်တမ်း 
စာစောင်များကိုလည်း ဒေါက်တာဦးမြင့်က ပြုစု ရေးသားခဲ့သည်။
ဒေါက်တာဦးမြင့်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏မိတ်ဆွေတဦးဖြစ်ပြီး
NLD ရုံးချုပ်တွင် ကျင်းပခဲ့သော ကမ္ဘာ့ AIDSနေ့အထိမ်းအမှတ်ပွဲ၌ ဂစ်တာတီး ဖျော်ဖြေပေးခဲ့သည်။