Saturday, January 31, 2015

ဒေါ်အောင်ဆန်းစုကြည် နေအိမ် ဂိတ်တံခါး ကျပ်သိန်းနှစ်ထောင်နဲ့ လေလံတင်မယ်




၃၀-၁-၂၀၁၅
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ဂိတ်တံခါးနဲ့ အိမ်နံပတ် ကြွေပြားတစ်ခုကို လေလံတင် ရောင်းချဖို့ ကြမ်းခင်းဈေး ကျပ်သိန်း နှစ်ထောင် သတ်မှတ်ထားတယ်လို့ တော်ဝင်နှင်းဆီခန်းမ ပိုင်ရှင် ဦးစိုးညွန့်က ပြောပါတယ်။
ဂိတ်တံခါးနဲ့ ၅၄ ဆိုတဲ့ အိမ်နံပတ်ကြွေပြားတို့ဟာ သမိုင်းဝင် ပစ္စည်းတွေ ဖြစ်တာကြောင့် အမြတ်တနိုးသိမ်းထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။


အဲဒီပစ္စည်းတွေကို သားစဉ်မြေးဆက် သိမ်းဆည်းထားချင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနှစ်
(၁၀၀)ပြည့် မွေးနေ့ အခမ်းအနားနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ် တည်ဆောက်ရေးမှာ လှူဒါန်းလိုတာကြောင့် အဲဒီပစ္စည်းတွေကို လေလံတင်ရောင်းချဖို့ ကြမ်းခင်းဈေး ကျပ်သိန်းနှစ်ထောင် သတ်မှတ်ထားတယ်လို့ ဦးစိုးညွန့်က ပြောဆိုပါတယ်။

ထိုဂိတ်တံခါးကြီးကသာ စကားပြောနိုင်မယ်ဆိုရင် နှစ်ပေါင်း (၂၅)နှစ်ကျော် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲသမိုင်းကို ပြန်လည်ပြောပြနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေ သာမက ကမ္ဘာတဝှမ်းမှာရှိတဲ့ လူမျိုးမရွေး၊ နိုင်ငံသား မရွေး ဒီမိုကရေစီ မြတ်နိုးသူတိုင်း ဝယ်ယူနိုင်ဖို့ အသိပေးတာဖြစ်ပြီး လေလံပွဲ အသေးစိတ်ကို ရက်ပိုင်းအတွင်း ကြေညာသွားမယ်လို့လည်း ဦးစိုးညွန့်က ပြောပါတယ်။
The Voice