Sunday, August 17, 2014

သမ္မတ ဦးသိန်းစိန်ကို လူထုယုံကြည်မှု ကျဆင်းဟုဆို

၂၀၁၄-၈-၁၇

ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် ပြုလုပ်ခဲ့သော စစ်တမ်းများအရ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု လျော့နည်းလာကြောင်း မြန်မာ့ရေးရာအဖွဲ့က ထုတ်ပြန်သော နိုင်ငံတော်သမ္မတ အပေါ် ပြည်သူလူထု၏ အမြင်သဘောထား လေ့လာသုံးသပ်ချက်
ကို အခြေခံကာ စိမ်းလန်းအမိမြေအသင်း (ALARM) မှ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။
အစိုးရသစ်လက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းအောင် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် ပြည်သူလူထု၏ စိတ်ကျေနပ်မှု ယုံကြည်မှု ကျဆင်းလာပြီး အောင်မှတ် ငါးဆယ်တွင် ၂၁ မှတ်သာ ရရှိကြောင်း
 မြန်မာ့ရေးရာအဖွဲ့ထံမှ သိရသည်။

“ခေတ်အဆက်ဆက် နှိပ်ကွပ်ခံရလို့ ခြွတ်ခြုံကျနေတဲ့ ဘဝမှာ လူထုက မျှော်လင့်ချက် ကြီးကြီးမားမား ထားကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်လို့ အကောင်းမမြင်ကြဘူး။ အကောင်းဆုံး လုပ်ပေးချင်ရင်
တော့ ကျန်သက်တမ်းမှာ အများကြီး ကြိုးစားရမယ်” ဟု ဦးဝင်းမျိုးသူက ဆက်လက်ပြောကြားသည်။
စစ်တမ်းကောက်ခြင်း အလေ့အကျင့် မရှိသော နိုင်ငံတွင် ယခုကဲ့သို့ ထွက်လာသည်ကို ကြိုဆိုသော်
လည်း ယင်းစစ်တမ်းမှာ ယုံကြည်နိုင်မှု ခက်ခဲကာ မှန်ကန်မှု မည်မျှရှိကြောင်း အတည်ပြု၍
မရနိုင်ကြောင်း မိကျောင်းကန် သပိတ်စခန်းမှ လူများကိုမေးလျှင် အမှတ် သုညသာ ရမည်ဖြစ်ပြီး ကန်ထရိုက် ဆောက်လုပ်ခွင့်များ ရသူကမူ အမှတ်ပေးလိမ့်မည် ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်
ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက
 ပြောကြားသည်။
အဆိုပါစစ်တမ်းကို ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် နှစ်လယ်နှင့် နှစ်ကုန်ပိုင်းတွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်အထိ လေ့လာထားပြီး လူပေါင်း ၆၀၀၀ ထောင်ကျော်ကို ကျပန်းရွေးချယ်ကာ မေးမြန်းထားခြင်း ဖြစ်ကြောင်း မြန်မာ့ရေးရာအဖွဲ့ထံမှ သိရသည်။

ပထမ စစ်တမ်းကောက်သော ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် သမ္မတ၏ ဆောင်ရွက်မှုဖြစ်သော
 မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကို ယင်းသက်တမ်းတွင် ဆိုင်းငံ့ထားခြင်း၊ နိုင်ငံရေးအကျဉ်းသားများ
ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပို့ကုန် အခွန်ကင်းလွှတ်ခွင့်ပေးခြင်း၊ ဝန်ထမ်းလစာ တိုးမြှင့်
သတ်မှတ်ပေးခြင်း၊ ကားဝယ်ယူခွင့်များပေးခြင်း၊ ဆန္ဒဖော်ထုတ်ခွင့် ရရှိခြင်း စသည့် အချက်များ
ကြောင့် သမ္မတအပေါ် ထောက်ခံမှုမြင့် တက်လာပြီး ကျေနပ်မှု အညွှန်းကိန်း ၀.၃၂ ရှိပြီး အမှတ် ၃၂ ရှိကြောင်း ယင်းစစ်တမ်းတွင် ပါရှိသည်။

ဒုတိယစစ်တမ်း ကောက်သော ၂၀၁၃ နှစ်လယ် ကာလနှင့် နှစ်ကုန် ကာလများတွင် နိုင်ငံကူးလက်
မှတ် ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်ခြင်း၊ အမေရိကန်သမ္မတ အပါအဝင် ထင်ရှားသော ကမ္ဘာ့
ခေါင်းဆောင်များ၏ မြန်မာနိုင်ငံ လာလည်မှုကြောင့် ၃၂ မှတ် ရရှိပြီး ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေး
တပ်မတော် (TNLA) တို့နှင့် တိုက်ပွဲများ ဖြစ်နေခြင်း၊ လက်ပံတောင်းတောင်အရေး လှုပ်ရှားသူများ
အပေါ် အကြမ်းဖက်အရေးယူခြင်း၊ မီဒီယာဥပဒေ ကန့်ကွက်ခံရခြင်းများကြောင့် ရမှတ် ၂၇ သာ ရရှိကြောင်း မြန်မာ့ရေးရာအဖွဲ့၏ လေ့လာမှုအရ သိရသည်။

နိုင်ငံတော်သမ္မတအပေါ် ပြည်သူလူထုက ယုံကြည်မှု လျော့နည်းခြင်းသည် မဆန်းကြောင်း၊ ကျန်သောသက်တမ်းတွင် ယုံကြည်မှု ပိုရလိုလျှင် စကားပြောဆိုခြင်း လျှော့ပြီး ပြည်သူများအတွက် ထိရောက်နိုင်မည့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း
များ ဖန်တီးပေးနိုင်ပါက ယုံကြည်မှု ရလာမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်သော အမျိုးသားအဆင့် လူထုစစ်တမ်းတစ်ရပ်ကို အမေရိကန်ပြည်ထာင်စု ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်သော International Republican
Institute (IRI) က ကောက်ယူခဲ့သည့် စစ်တမ်းပါ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခြေအနေနှင့် သမ္မတဦးသိန်းစိန် အစိုးရ၏ ဆောင်ရွက်ချက်များအပေါ် အကောင်းမြင်သူ အများအပြား ရှိနေကြောင်း IRI ၏ လူထုစစ်တမ်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ၂၄ ရက်
မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အတွင်း ကောက်ယူခဲ့ပြီး ဧပြီ ၃ ရက် ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့
သည်။လက်ရှိ အစိုးရသစ် သက်တမ်းမှာ လပေါင်း ၂၀ ခန့်သာ ကျန်ရှိတော့သည်။
thevoicemyanmar.com