Friday, July 11, 2014

မူဝါဒပြောင်းလဲမှုကြောင့် ကားဟောင်းစလစ်ဈေး ကျပ်သိန်း ၂၀ ကျော် ကျဆင်း ဇုန်ကားဈေးတက်လာ

၂၀၁၄-၇-၁၁
သက်တမ်းလွန်ယာဉ်ဟောင်း၊ စက်မှုဇုန်ထုတ်ယာဉ်၊ သုံးဘီးယာဉ်များ ဖျက်သိမ်းကာ အစားထိုး
ယာဉ်များ တင်သွင်းခွင့်ပြုမည်ဟု ကြေညာပြီး ရက်ပိုင်းအတွင်း စလစ်ဈေး ကျပ်သိန်း ၂၀ ကျော်
ကျဆင်းခဲ့ပြီး ဇုန်ထုတ်ဂျစ်ကား ဈေးများ ကျပ် ၁၅ သိန်းခန့် မြင့်တက်လာသည်ဟု ပြည်တွင်းကား
လောက အသိုင်းအ၀ိုင်းက ဆိုသည်။

ပြည်တွင်းစက်မှုဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့်ပုံစံအတိုင်း ၂၀၁၄ ခုနှစ်
ဇူလိုင်လ ၁၄ ရက်တွင် အပ်နှံခွင့်ပြုတော့မည်ဟု ကြေညာခဲ့ပြီး နာရီပိုင်းအတွင်း ကျပ်သိန်း ၁၁၀ ကျော်အထိ မြင့် တက်နေသည့် စလစ်ဈေးမှာ ကျပ်သိန်း ၂၀ ကျော် ကျဆင်းသွားခဲ့ခြင်း
 ဖြစ်သည်။

“ အခုလောလောဆယ်တော့ ဈေးကမငြိမ်သေးဘူး။ ဒါပေမဲ့ စလစ်ဈေးက တက်လာဖို့လုံးဝမဖြစ်
နိုင်တော့ဘူး။ သိန်း ၁၀၀ အောက်မှာပဲရှိနေမှာ။ နောက်လကျရင်လည်း သုံးဘီးတွေအပ်ခံမှာ။
 နောက်ပြီး ၁၀ လပိုင်း ကျရင်လည်း ”၂က” ကလာဦးမှာ” ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးသိန်းထွန်းက ပြောသည်။

ပြီးခဲ့သည့်ဇွန်လ ၁၀ ရက်က ပြည်သူ့လွှတ်တော်တွင် ဇုန်ထုတ်ကားများအပ်နှံခွင့်ပြုမည်ဟု ကတိပြုခဲ့ပြီး စံချိန်တင်မြင့် တက်နေသည့်စလစ်ဈေးမှာ ကျပ် ၁၇ သိန်း ကျော်ကျဆင်းသွားခဲ့သော်လည်း တစ်ပတ် အတွင်း ကျပ်သိန်း ၁၁၀ ၀န်းကျင်သို့ပြန်လည်မြင့်တက်လာခဲ့သည်။

“ စလစ်ဈေးက အခုဇူလိုင် ၇ ရက် အထိ ၁၁၀ ၀န်းကျင်မှာပဲ လည်နေတာ။ မနေ့က ၉၀ အထိထိုး
ကျသွား တယ်။ ဒီနေ့က ၈၅ သိန်းပေါက်နေတယ်။တကယ်အပ်ခံမယ့်နေ့ကျရင်အခုထက်ပိုပြီးဈေးကျ
လာနိုင်တယ်။ ဂျစ်ကားဈေးကတော့ ဒီနေ့ ၅၇ သိန်းဈေးပေါက်နေပေမယ့် ရောင်းကားတစ်စီးမှမလာ
သေးဘူး ” ဟု ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးထွန်းသစ်ဦးက ပြောသည်။

ပြည်တွင်းထုတ်စက်မှုဇုန်ကားများမှာ သက်တမ်းအားဖြင့် ၁၀ နှစ်ကျော်သာရှိသေးသော်လည်း
ယာဉ်၏ ကြံ့ခိုင်မှု စံချိန်စံညွှန်းနှင့်မကိုက်ညီသဖြင့်အပ်နှံခွင့်ပြုလိုက်သည့်အတွက် ကားအရောင်း
ပြခန်းများတွင်ရှိ သော စလစ်ကပ်ကားများအရောင်းအ၀ယ်ပိုသွက်လာမည်ဟု Farmer Auto ကားအရောင်းပြခန်းပိုင်ရှင် ဒေါက်တာ စိုးထွန်းက ပြောသည်။

“ ကျွန်တော့အနေနဲ့ကတော့ ဒီကားတွေအပ်ခံလိုက်တာကို ကြိုဆိုပါတယ်။ ဒီကားတွေက
 စံချိန်စံညွှန်းနဲ့ မညီတော့ သက်တမ်း ၁၀ နှစ်ဝန်းကျင်သာရှိပေမယ့် ကားတွေကရွဲနေပြီ။ ဒီကားတွေလမ်းပေါ်မှာသွား နေရင် လမ်းသွားလမ်းလာတွေရော စီးတဲ့သူတွေအတွက်ပါ အန္တရာယ် အရမ်းများတယ် ” ဟု ၎င်းက ပြော သည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံခွင့်ပြုခဲ့သည့် ကာလတစ်လျှောက်တွင် အက္ခရာတစ်ခု အပ်နှံခွင့်ပြုပြီးစ
 အချိန် ကာလ အတွင်းသာ စလစ်ဈေးများကျသွားသော်လည်း အပ်နှံခွင့်ပြုပြီး တစ်လကျော်ကြာ လာသည့်အချိန် တွင် စလစ်ဈေးများ ပြန်လည်မြင့်တက်လာသည့် အလေ့အထရှိခဲ့သော်လည်း ယခုဇုန်ကားများအပ်နှံခွင့်ပြု ပြီးနောက်ပိုင်း စလစ်ဈေးမှာပြန်လည်မြင့်တက်လာနိုင်ခြေ အလွန်နည်းပါးသွားသည်ဟု ဒေါက်တာစိုးထွန်း က ဆိုသည်။

“ အခုဇုန်ကားတွေ၊ “၂က” ကားတွေက ၂၀၁၄ အပြီးအပ်ရမှာ။ အချိန်ကလည်း လေး၊ ငါးလ
လောက်ပဲ ကျန်တာဆိုတော့ စလစ်က အခုထက် ထပ်ကျဖို့ပဲမြင်တယ်။ အခု ဈေးကစားလို့ မရ
တော့ဘူး။ ၂၀၁၄ အပြီး လုပ်ရမှာဆိုတော့ လှောင်ထားလို့လည်းမရတော့ဘူး ” ဟု ၎င်းက
 ပြောသည်။
Coko Dmoe