ကိုဝိုင်း | သောကြာနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၅၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အစိုးရထိပ်တန်း ခရိုနီများ၏
ကိုယ်ရေးအချက်လက်များကို ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက စောင့်ကြည့်စုဆောင်း ထားကြောင်း ဝီကီလိခ်မှ ၂၀၁၁ သြဂုတ်လတွင်
ပေါက်ကြားလာ သည့် အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေးနန်းများက ဖော်ပြနေသည်။
ခရိုနီများအကြား၌လည်း ထိပ်တန်းဗိုလ်ချုပ်များထံမှ ပါမစ်များ ရရှိရန်
ပြိုင်ဆိုင်နေကြောင်း ရန်ကုန် အမေရိကန်သံရုံးမှ လေ့လာသုံးသပ်သူများ၊
ထိပ်သီးစီးပွားရေး သတင်းပေးများထံမှ သိရှိချက်ကို ဝါရှင်တန်မြို့
နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့သည့် ၂၀၀၇ ခုနှစ် ကြေးနန်းများ၌ပါရှိသည်။
အမေရိကန်သံရုံး၏ ၂၀၀၇ ခု မတ် ၁၆ ရက် ကြေးနန်းတွင် ဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီး ခင်ညွန့် ပြုတ်ကျပြီးနောက် နောက်ပိုင်း ဗိုလ်ချုပ်ကြီး
သူရရွှေမန်းသည် ဦးဆောင်ကဏ္ဍတွင် ပါဝင်လာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
“ဒါပေမယ့် သူလည်း ခရိုနီတွေနဲ့ စီးပွားရေး လုပ်နေပြီး လူ့အခွင့်အရေး
ချိုးဖောက်တာတွေမှာ ပါတာပဲ” ဟုလည်း ကြေးနန်း က ဆိုသည်။ သို့သော်လည်း
အမည်မဖော်သော သတင်းရပ်ကွက်များကို ကိုးကားပြီး
"ပြုပြင်ပြောင်းလဲရေးသမား တဦး" ဟု ညွှန်းဆိုထားပြီး
မြန်မာကိုနိုင်ငံတကာနှင့် ဆက်ဆံလာအောင် ဖွင့်ပေးလိမ့်မည်ဟု လည်း ပါရှိသည်။
“သူရ” ဘွဲ့တံဆိပ်ရခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး KNU ဌာနချုပ်
မာနယ်ပလော စခန်းကို ၁၉၈၉ ခုက တိုက်ခဲ့စဉ် “တခြား စစ်ဆင်ရေးမှူးတွေလိုပဲ
သူလည်း ကရင် သူပုန်တွေကို အကြီးအကျယ် ထိုးစစ်ဆင်တုန်းက ကလေးနဲ့
အမျိုးသမီးတွေပါမကျန် အရပ်သားတွေကို အထမ်းသမားတွေအဖြစ် အဓမ္မ
ခိုင်းစေခဲ့တယ်” ဟု သိရှိချက်ကို ဖော်ပြထားသည်။
ပဲခူးတိုင်း
ကညွတ်ကွင်းမြို့၌ ၁၉၄၇ ခုတွင် မွေးဖွားပြီး အသက် ၂၂ နှစ်အရွယ် ၁၉၆၉
ခုနှစ်တွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA အပတ်စဉ် ၁၁ ဆင်းသူဖြစ်ပြီး
၁၉၈၈ ခုတွင် ဗိုလ်မှူးကြီးအဆင့်ရာထူး တိုးခံရသည်။
၁၉၉၇
နိုဝင်ဘာတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နဝတ ကို
ဖျက်သိမ်းပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖ
ကို အသစ်ဖွဲ့စည်းရာ အနောက်တောင် တိုင်းမှူး ဗိုလ်မှူးချုပ် ရာထူးဖြင့် နအဖ
ကောင်စီဝင် ဖြစ်လာသည်။ ၂၀၀၃ ခုတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်မှ
ဗိုလ်ချုပ်ကြီးသူရရွှေမန်းအဖြစ် ကြည်းရေလေ ညှိနှိုင်း ရေးမှူးရာထူးကို
ရရှိသည်။
သူရရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
အထူးယုံကြည်ခံရသူဖြစ်ပြီး “၂၀၀၃ ခု ဒီပဲယင်းတွင် ဒေါ်အောင်ဆန်း စုကြည်ရဲ့
ယာဉ်တန်းကို တိုက်ခိုက်ဖို့ ဗိုလ်ချုပ်မှူးကြီးက အမိန့်ပေးတုန်းက
သူရရွှေမန်းရဲ့ အမိန့်ကို နာခံသွားဖို့ အောက်ခြေအရာရှိတွေကို
ညွှန်ကြားခဲ့တယ်” ဟု သတင်းရပ်ကွက်အချို့ကပြောသည်ဟု ကြေးနန်း
တနေရာတွင်ဖော်ပြထားသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော်
ဥတ္တရသီရိမြို့နယ်မှ ရွေးချယ်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်နေသူ အသက်
၆၄ နှစ်အရွယ် သူရဦးရွှေမန်းသည် ဒဂုံ ဆောက်လုပ်ရေးကုမ္ပဏီ နှင့်
ဒဂုံသစ်ထုတ်လုပ် ရေးကုမ္ပဏီပိုင်ရှင် အမေရိကန်၏ စီးပွားရေးပိတ်ဆို့
စာရင်းတွင်ပါရှိသူ ဦးဝင်းအောင်နှင့် နီးစပ်ပြီး နေပြည်တော်ဆောက်လုပ်ရေးလုပ်ငန်းနှင့် သစ်လုပ်ငန်းများအတွက် ကူညီခဲ့ကြောင်း အမေရိကန်သံရုံး ၂၀၀၇ ခု
ဒီဇင်ဘာ ၂၆ ရက် ကြေးနန်းတွင်ပါရှိသည်။
နေပြည်တော် တည်ဆောက်ရေး
စီမံကိန်းတွင် အခြား ခရိုနီများဖြစ်သည့် ဦးတေဇ၊ စတီဗင်လော၊
ဦးဇော်ဇော်တို့နည်းတူ လမ်းဆောက်လုပ်ရေး လုပ်ငန်းစာချုပ်များ ရခဲ့သည်။
သူတို့နည်းတူပင် ဆောက်လုပ်ခများ မရရှိပဲ တစီးလျင် အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀
တန် ကား ၁၀ စီး တင်သွင်းခွင့် ပါမစ် ရခဲ့သော်လည်း ဒဂုံသစ်လုပ်ငန်း ကုမ္ပဏီက
“တရုတ်နိုင်ငံသို့ နှစ်စဉ် အမေရိကန် ဒေါ်လာ ငါးသန်းခန့် သစ်တင်ပို့ခွင့်
ရထားသည်” ဟု သံရုံးက သိရှိရချက်ကို ဖော်ပြ ထားသည်။
၂၀၀၇ ခု
နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ရန်ကုန် အမေရိကန်သံရုံးမှ ဝါရှင်တန်
နိုင်ငံခြားရေးဌာနသို့ ပို့သည့် ကြေးနန်းတခုတွင်မူ
မက်စ်မြန်မာကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ထိပ်သီးဗိုလ်ချုပ်များထံမှ
မျက်နှာသာပေးမှုလိုချင်သဖြင့် အစိုးရ၏ စီမံကိန်းများကို
အခမဲ့လုပ်ဆောင်ပေးလေ့ရှိသည်ဟု ပါရှိသည်။
အခြား ခရိုနီတဦးဖြစ်ပြီး
ဗိုလ်ချုပ်များ၏ မျက်နှာသာပိုရသူ ထူးထရေးဒင်းကုမ္ပဏီပိုင်ရှင် ဦးတေဇကို
ပြိုင်ဆိုင်နေသော်လည်း “ဗိုလ်ချုပ်တွေက တေဇကို မျက်နှာသာဆက်ပေးပေမယ့်
ဇော်ဇော်ကိုလည်း အရေးကြီးတဲ့ နေပြည်တော်စီမံကိန်း လမ်းဖောက်လုပ်ရေး
စာချုပ်တွေပေးပါတယ်” ဟု သံအရာရှိက သိရှိရချက်ကို ဖော်ပြထားသည်။
ဗိုလ်ချုပ်များသည် ခရိုနီများကို နိုင်ငံတော်စီမံကိန်းများတွင် အခမဲ့
ခိုင်းစေကြပြီး အပြန်အလှန်အားဖြင့် ကားတင်သွင်းခွင့်၊ မြေယာဝယ်ယူခွင့်၊
တွင်းထွက်လုပ်ငန်း၊ သစ်လုပ်ငန်းများအတွက် ပါမစ်များ ပြန်ချပေးလေ့ရှိကြောင်း
ဝီကီလိမှ ပေါက်ကြားလာသော အမေရိကန်ကြေးနန်းများတွင် ပါရှိသည်။
သို့သော် နေပြည်တော် စီမံကိန်းတွင် လုပ်ကိုင်ပေးသဖြင့် အပြန်လှန်အားဖြင့်
ဦးတေဇနှင့် စီတီဗင်လောတို့က တစီးလျင် ဒေါ်လာ ၁၈၀,၀၀၀ တန် ကား ၁၅ စီးစီ
တင်သွင်းခွင့်ရခဲ့သော် လည်း ဦးဇော်ဇော်မှာ ၁၀ စီးစာ ပါမစ်သာရသည်ဟု
ကြေးနန်းတွင် ပါရှိသည်။ သို့သော် ရန်ကုန်မြို့ တွင် ကိုယ်ပိုင်
အိမ်ယာစီမံကိန်းများ တည်ဆောက်ရန် မြေကွက်များ ရရှိသည်ဟုဆိုသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မောင်အေးနှင့် နီးစပ်သွားသူ ဦးဇော်ဇော်သည် သူ၏
စီးပွားရေးကို ၁၉၉၄ ခု မတိုင်မီ ဂျပန်နိုင်ငံတွင် နေထိုင်စဉ် တပတ်ရစ်
ကားနှင့် ဆိုင်ကယ်များကို မြန်မာနိုင်ငံသို့ တင်ပို့ခြင်းဖြင့်
စတင်ခဲ့သည်ဟု အမေရိကန်သံရုံး ကြေးနန်းတွင် ပါရှိသည်။
မက်စ်မြန်မာကုမ္ပဏီကို ၁၉၉၅ ခုတွင် ထူထောင်ပြီးနောက်
ထိပ်တန်းဗိုလ်ချုပ်များဖြင့် နီးစပ်လာသူ ဦးဇော်ဇော်သည်
သစ်တင်ပို့သည့်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများ တိုးချဲ့လာပြီး ကချင်ပြည်နယ်
ဖါးကန့်-လုံးခင်းတွင် ဧက ၅၀၀ ကျယ် ကျောက်စိမ်းမိုင်းတခု လုပ်ခွင့်ရထားပြီဟု
သံရုံးအရာရှိက သိရှိရချက်ကို ကြေးနန်းအတွင်း ရေးထားသည်။
မြန်မာဘောလုံးအဖွဲ့ချုပ် MFF လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယခုအခါ
အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ
နေရွှေသွေးနှင့် ရင်းနှီးသူဖြစ်ပြီး လူ ၁,၀၀၀ ခန့်တက်ရောက်သည့် နေရွှေသွေး၏
၁၆ နှစ် ပြည့် မွေးနေ့ကို ဆီဒိုးနား ဟိုတယ်တွင် ၂၀၀၇ ဇွန်လက အမေရိကန်ဒေါ်လာ
၂၅,၀၀၀ ကုန်ကျခံ ကျင်းပပေးခဲ့သည်ဟု သံရုံးအရာရှိက သိရှိရချက်ကို
ပြန်လည်ရေးသားထားသည်။
၂၀၀၇ ခု နိုဝင်ဘာ ၁၅ ရက်စွဲဖြင့်
ရန်ကုန်မြို့ အမေရိကန်သံရုံးက ဝါရှင်တန်မြို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနသို့  ပေးပို့သည့် ကြေးနန်းစာတွင် ဦးတေဇနှင့်
စတီဗင်လော တို့သည် စစ်အစိုးရ၏ မျက်နှာပေးခြင်းကို ခံနေရသည်နှင့် တပြိုင်နက်
ဦးဇော်ဇော်သည်လည်း တက်သစ်စ ခရိုနီတယောက်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။