၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သူ ၆၅၁ ဦးအနက် အကျဉ်းသား ၆၂၂ ဦး၊ အကျဉ်းသူ ၂၉ ဦးဖြစ်ကြောင်း သိရသည်။ ပြည်ထဲရေးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြောကြားခဲ့သည်။
ပြည်တွင်းပြည်ပ အဖွဲ့အစည်း အသင်းအဖွဲ့အချို့မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဆိုသူများအား လွှတ်ပေးရန် အမည်စာရင်းများ အသီးသီးပေးပို့ တင်ပြ တောင်းဆိုခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စိစစ်တင်ပြထားသော အင်အား ၆၀၄ ဦးစာရင်းအား စိစစ်၍ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစာရင်းတွင် အင်အား ၆၀၄ဦး၊ တင်ပြတောင်းဆိုထားသော်လည်း လက်ရှိအကျဉ်းကျခံနေရ သူ ၄၂၁ ဦး၊ အချုပ်သား ၉ဦး၊ ပေါင်း ၄၃၀ ဦးသာရှိပြီး ၊ ၁၀၇ ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်အသီးသီးဖြင့် ရက်စေ့၍ လွတ်မြောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
၁၃ဦးမှာ အမည်ထပ်နေပြီး ၅၁ဦးမှာ အချက်အလက် မပြည်စုံသဖြင့် စိစစ်မရကြောင်း၊ သေဆုံးသူတစ်ဦး၊ သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သူနှစ်ဦးရှိခဲ့ကြောင်း အဆိုပါ လက်ရှိအကျဉ်းကျနေသူ ၄၃၀ ဦးမှ ၃၀၂ ဦးအား နိုင်ငံတော်တည်ငြိမ်ရေးနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့် ခွင့်ပြုပေးခဲ့ပြီး ၁၂၈ ဦးမှာမူ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများ ဖြစ်သဖြင့် လွတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်နှင့် အကျုံးမ၀င်သောကြောင့် တရားဥပဒေစိုးမိုးရေးအတွက်အလို့ငှာ ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
