၁၃-၁-၂၀၁၂
သရက်အကျဉ်းထောင်မှ မနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အား
လာရောက်ကြိုဆိုသူများနှင့် သတင်းထောက်များအား ကျေးဇူးတင်ရှိကြောင်း ယခုလွတ်
မြောက်လာအောင် ပြုလုပ်ပေးသူများအားကျေးဇူးတင်ရှိကြောင်းပြောကြားသွားပါတယ်။
ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများ
က ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အ
တွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်
ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။