၂၀၁၁-၄-၁၆ VOA NEWS
တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေလို ဒီမိုကရေစီ မကျင့်သုံးတဲ့ အစိုးရလက်ကနေ မကြာခင်ကမှလွတ်မြောက်လာတဲ့ နိုင်ငံတွေအတွက် ငွေကြေး ထောက်ပံ့မှုတွေပေးဖို့ အသင့်ပဲလို့ နိုင်ငံကြီးတွေနဲ့ စီးပွားရေးဌာနကြီးတွေက ပြောကြားလိုက်ပါတယ်။
သောကြာနေ့က အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာတလွှားက စီးပွားရေးဆိုင်ရာ ထိပ်တန်း အရာရှိကြီးတွေရဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် အစည်းအဝေးမှာ သောကြာနေ့က အခုလို ပြောကြားခဲ့တာပါ။
ရက်အတော်ကြာကျင်းပတဲ့ ဒီအစည်းအဝေးအတွင်း ငွေကြေးဖောင်းပွမှု၊ အငတ်ဘေးပြဿနာ၊ နိုင်ငံအလိုက် ကြီးမားတဲ့ ကြွေးမြီ ပြဿနာတွေ၊ မတည်ငြိမ်တဲ့ ရေနံဈေးနှုံးနဲ့ ဂျပန်နိုင်ငံက သဘာဝဘေးဒဏ်ဆိုင်ရာ တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာ့ ဦးဆောင် နိုင်ငံကြီး ၂၀ ရဲ့ G-20 ထိပ်သီးအစည်းဝေးမှာ အဓိက ဆွေးနွေးတာ တခုကတော့ အရင်ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ချိန်တုန်းကလို ပြဿနာတွေနဲ့ အမှားမျိုး ထပ်မလုပ်မိစေဖို့ပါ။ ကမ္ဘာ့စီးပွားရေး ကြီးထွားမှုအတွက် ခြိမ်းခြောက်မှုဖြစ်လာစေမယ့် ဘယ်စီးပွားရေး မညီမျှမှုမျိုးကိုမဆို စောင့်ကြည့်ထိန်းသိမ်းဖို့ သဘောတူညီမှုရအောင် ကြိုးစားနေကြတာပါ။
အဖွဲ့ဝင်နိုင်ငံတွေထဲက အမေရိကန်နိုင်ငံရဲ့ အစိုးရအသုံးစားရိတ် လိုငွေပြမှု သိပ်များနေတာနဲ့ တရုတ်နိုင်ငံရဲ့ ငွေကြေး လဲလှယ်မှုဆိုင်ရာ ပြဿနာတွေမှာ သဘောတူညီမှုရဖို့ အဓိက ကြိုးစားနေကြပါတယ်။
IMF အကြီးအကဲ Strauss Kahn ကတော့ ကမ္ဘာ့စီးပွားရေး ပြဿနာကို မကျော်လွှားနိုင်သေးတာမို့ ကိုယ့်လုပ်ရပ်ကို ကိုယ်ကျေနပ်နေပြီး ပြဿနာတွေကို လျှော့မတွက်ကြဖို့ သတိပေးလိုက်ပါတယ်။