Wednesday, April 13, 2011

ဒေါ်အောင်ဆန်းစုကြည် ဆယ်စုနှစ်ရဲ့ အသံအဖြစ် ဂုဏ်ပြုခံရ

 ၂၀၁၁-၄-၁၂      VOA
အခုအသံလွှင့်နေတဲ့အချိန်မှာပဲ ၀ါရှင်တန်မြို့တော်ရဲ့ အထင်ကရ ကနေဒီစင်တာ ခေါ် သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် အဆောက်အဦးကြီးမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကမ္ဘာတ၀ှမ်းက အမျိုးသမီးခေါင်းဆောင် တချို့ကို ဂုဏ်ပြုတဲ့အခမ်းအနား ကျင်းပနေပါတယ်။ ၀ါရှင်တန်အခြေစိုက် Vital Voices Global Partnerships လို့ခေါ်တဲ့ အဖွဲ့ကြီးက ဒီဆုကို ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင် ဆုချီးမြှင့် ဂုဏ်ပြုစကားပြောကြားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက အမျိုးသမီးထုအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို ကမ္ဘာက အထူး စောင့်ကြည့်နေတယ် ဆိုတာ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆုရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်တဲအ့ကြောင်း Vital Voices ခေါ် အမျိုးသမီးထု အတွက် မရှိမဖြစ် အသံများလို့ အဓိပ္ပါယ်ရတဲ့ အဖွဲ့ကြီးရဲ့ အကြီးအကဲတွေက ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဒီမိုကရေစီစနစ် ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းကြတဲ့ ကမ္ဘာတ၀ှမ်းက အမျိုးသမီး ခေါင်းဆောင်တွေကို ၀ါရှင်တန်အခြေစိုက် The Vital Voices Global Partnerships အဖွဲ့က နှစ်စဉ် ဂုဏ်ပြုချီးမြှင့်လေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စုနှစ်ရဲ့ အသံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုချီးမြှင့် ဂုဏ်ပြုတာဖြစ်ပါတယ်။ ဒီအဖွဲ့ကို အရင် သမ္မတကတော် ဖြစ်ခဲ့တဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒလင်းအောဘရိုက် တို့နဲ့ စတင် တည်ထောင်ခဲ့တာပါ။