Tuesday, July 2, 2013

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ အမှုဆောင်ရွေးကောက်ပွဲကို ဆရာကြီး ဆရာမကြီးများ အင်အားသုံး ဝင်ရောက် တားဆီး

ယနေ့ 1.7.2013 နေ့လည် ၁၂ နာရီ အချိန်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၏ အမှုဆောင်ရွေးကောက်ပွဲကို ဒဂုံတက္ကသိုလ်နားနေဆောင်အမှတ် (၂) တွင် ကျင်းပရာ ဆရာကြီး ဆရာမကြီးများ၏ အင်အားသုံး ဝင်ရောက် တားဆီးခြင်းကို ခံခဲ့ရကြောင်းသိရှိရသည်။ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်များနှင့် ဒဂုံတက္ကသိုလ် ဆရာကြီး ဆရာမကြီးများကြား   ရွေးကောက်ပွဲ လုပ်ခွင့်ရရေးနှင့် ပတ်သတ်၍ အပြန်အလှန် တင်းမာမှုများဖြစ်ပွားခဲ့ကြောင်း လည်းသိရှိရပါသည်။ ထိုသို့တင်းမာမှုများဖြစ်ပေါ်ခဲ့ရာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များသည် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှဌေးနှင့်သွားရောက်ညှိနှိုင်းခဲ့သော်လည်း ဆရာကြီးမှ ကျောင်းထဲတွင် လုံးဝခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။သို့သော် ဒဂုံတက္ကသိုလ်   ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များ၏ ဆန္ဒအရ ခွင့်ပြုချက်မရှိသော်လည်း ဒဂုံ တ.က.သ အမှုဆောင်ရွေးကောက်ပွဲကို နားနေဆောင်အမှတ် ( ၂ ) တွင် အစီအစဉ်အတိုင်း ကျင်းပခဲ့ရာ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။