skip to main |
skip to sidebar
(ရန်ကုန်၊ ဇွန် ၁၄)
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်း ကျေးရွာရှိဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတွင် ဇွန်လ ၁၃ရက်နေ့နှင့် ၁၄နေ့ တို့တွင်ကျင်းပခဲ့သော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့် အခြား ထင်ရှားသည့် ဆရာတော်ကြီးများ ပါဝင်သည့် သံဃာ့ညီလာခံက ကဏ္ဍအလိုက် ကြေညာချက် ငါးချက် ထုတ်ပြန်ခဲ့ကြောင်း ယင်းညီလာခံသို့ တက်ရောက်လာသည့် ဆရာတော်များက မိန့်ကြားသည်။
အဆိုပါ ညီလာခံပထမနေ့တွင် ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် ဗုဒ္ဓနည်းကျ
ပဋိပက္ခ ဖြေရှင်းရေး၊ ပဋိပက္ခ များနှင့် တရားဥပဒေ စိုးမိုးရေး၊
နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ၊ ဆရာတော်များ
အနေနှင့် ဥပဒေနှင့် သမိုင်းပညာကို လေ့လာရေး၊ ပဋိပက္ခများနှင့် ပတ်သက်၍
သတင်း ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ အဖွဲ့အစည်း အဆင့်ဆင့်
စေ့စပ်ညှိနှိုင်းရေး စသည့် ကဏ္ဍငါးခုကို အတည်ပြု ထုတ်ပြန်ခဲ့သည်။အဆိုပါ ကြေညာချက်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများတွင် မည်သည့် ဘာသာမဆို တရားဥပဒေဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းရန်၊ ပြဿနာ ဖြစ်ပွားသည့် အခြေအနေမျိုးတွင် ဘာသာရေး ခေါင်းဆောင်များဆွေးနွေးညှိနှိုင်းရန်၊ ငြိမ်းချမ်းရေး အတူတကွ ကာကွယ်စောင့်ရှောက်ကြရန် စသည့်အချက်များ ပါသည်။
အဆိုပါ ညီလာခံတွင် ၉၆၉ အမှတ်တံဆိပ်သည် ရတနာသုံးပါးကို ကိုယ်စားပြုသော
အမှတ်တံဆိပ် ဖြစ်သောကြောင့် ဗုဒ္ဓသာသနာတော် ညှိုးနွမ်းစေမည့် နေရာများ၌ အသုံးမပြုရန် သဘောတူခဲ့သည်။
အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်ရာ ဘာသာကိုးကွယ်သူ အသီးသီးက မိမိတို့ဘာသာနှင့် ပတ်သက်သည့် ဥပဒေများ ရေးဆွဲရန် သဘောတူခဲ့ကြောင်း သံဃာ့ညီလာခံ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ညီလာခံမှာ တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ သံဃာ့ဝန်ဆောင်
ဆရာတော်များ၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်အချို့နှင့်
အခြားထင်ရှားသည့် ဆရာတော်အပါး ၂၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည့် ပထမဆုံး ညီလာခံတစ်ရပ် ဖြစ်သည်။
(သတင်းအားThe Voice Weekly မှကူးယူ၍၎င်း ဓါတ်ပုံကိုဆရာတော်ဝီရသူ၏ပို့စ်မှ
ကူးယူ၍၎င်း ဖော်ပြပါသည်။)