လာဘ်ပေးလာဘ်ယူမှုသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ
ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့်
တားဆီးသွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား၊ လက်တွေ့ကျသော
လုပ်ဆောင်မှုဖြစ်ရန် ပြည်သူများလိုလား
လာဘ်ပေးလာဘ်ယူမှုသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့် အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သော စီမံကိန်းကော်မရှင် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက အဂတိ လိုက်စားမှုသည် အောက်ခြေ အဆင့်ဆင့်၌ နေရာတိုင်းလိုလို ရှိနေသေးကြောင်းနှင့် တာဝန်ရှိသူများအနေဖြင့် အဆင့်ဆင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း သွားကြရမည်ဖြစ်ကြောင်း အဆိုပါဆွေးနွေးပွဲတွင် ပြောကြား သွားခဲ့ပါသည်။ ထို့အပြင် လာဘ်ပေး လာဘ်ယူမှုသည် ပေးသူရောယူသူပါ အကျင့်ပျက်သည့် သိက္ခာမဲ့လုပ်ရပ် ဖြစ်သည့်အပြင် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေသည့်အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်းများဖြင့် တားဆီးသွားရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အဂတိတရား လိုက်စားမှုများကြောင့် ဖြစ်ပေါ်စွန်းထင်းနေသော အမည်းစက်ကိုလည်း မိမိတို့အစိုးရအနေဖြင့် အစွမ်းကုန် ချေဖျက်သွားကြရန် တိုက်တွန်းခဲ့ပြီး အောက်ခြေက မည်သို့ပင် လုပ်သည်ဖြစ်စေ လုပ်သမျှအားလုံးသည် အထက်အကြီးအကဲ၌သာ တာဝန်ရှိသည်ဟု ခံယူပြီး ထိထိရောက်ရောက် ကိုင်တွယ်ကြရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ဒုတိယသမ္မတ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည့် အဆိုပါ အစည်းအဝေးတွင် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။