Tuesday, September 13, 2011

ဗိုလ်ချုပ်အောင်ဆန်းနဲ့  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ပြည်သူတွေဝယ်ယူ

 Suu Lai Naing, စက်တင်ဘာလ 12, 2011

ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် ဓာတ်ပုံတွေကို သံဃာတော်တွေ၊ သာမန် အရပ်သားတွေ သာမက စစ်တပ် မိသားစုတွေက
လည်း ၀ယ်ယူနေကြတယ်လို့ ဓာတ်ပုံဆိုင် ခန်း ဖွင့်ထားသူတဦးက ပြောပါတယ်။

  
မကွေးတိုင်း၊ တောင်တွင်းကြီးဈေးထဲမှာ ဆိုင်ခန်းဖွင့် ရောင်းနေတဲ့ ကိုကျော်နိုင်က “အရာခံဗိုလ်ကြီး တယောက် သိပ်မကြာသေးဘူး ကျနော့်ဆီ လာဝယ်တာ။ ဗိုလ်ချုပ်အောင်ဆန်းပုံက ရှိသင့်တယ်တဲ့။ နိုင်ငံ
ရေး ဆိုတာကတော့ တကဏ္ဍထားပေါ့ကွာတဲ့။ ဟုတ်ပါတယ် ဆရာကြီးလို့။ ဗိုလ်ချုပ်အောင်ဆန်းက ကျနော်တို့ တပြည်လုံးနဲ့ဆိုင်ပါတယ်လို့။ ဘယ်လို လူတန်းစားနဲ့ ဖြစ်ဖြစ် ဆိုင်ပါတယ်ပေါ့။


"အေးတဲ့…ကောင်းတယ်တဲ့"။  သူက အဲလိုပြောပြီးတော့ ဒေါ်စုပုံတွေပါ ကြည့်သွားပြီးတော့ ဒါတွေလည်းပဲ
ရောင်းသင့်တာ ကြာပြီပေါ့ကွာတဲ့” လို့ပြောပါတယ်။


တောင်တွင်းကြီးနားက ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပဆ) နဲ့ ပင်မခဲယမ်း သိုလှောင်ရေးတပ် (ပခန) ၀န်ထမ်းတွေအပါအ၀င် သံဃာတော်တွေလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကို အတော်များများ လာဝယ်ကြတယ်လို့ ပြောပါတယ်။


၁၉၈၈ ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ လူမြင်ကွင်းကနေ ကွယ်ပျောက်နေရာကနေ လွန်ခဲ့တဲ့ လပိုင်းတွေကစလို့ဂျာနယ်တွေမှာ ပြန်လည် ဖော်ပြခွင့်ရတဲ့အခါမှာ
လည်း ဂျာနယ်တွေ ရောင်းအားတက်ခဲ့ပါတယ်။


ဓာတ်ပုံဆရာ၊ ပန်းချီဆရာလည်းဖြစ်တဲ့ ကိုကျော်နိုင်က ဂျာနယ်တွေမှာ ဖော်ပြခွင့် မရခင်ကတည်းက ဓာတ်ပုံတွေကို အမြတ်ရတယ်ဆိုရုံ ဈေးနှုန်းနဲ့ ရောင်းနေတာမဟုတ်ဘဲ သမိုင်းမှာ ဖျောက်ဖျက်ခံထားရတဲ့ အမျိုးသားခေါင်းဆောင်တွေကို ဖော်ထုတ်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။


မကြာသေးခင်နှစ်တွေအထိ  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ဆောင်ထားလို့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အဖြစ်အပျက်တွေ မြန်မာပြည်မှာ ရှိခဲ့ပါတယ်။


မနှစ်နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွှတ်မြောက်လာပြီးနောက်ပိုင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့  ပတ်သက်တဲ့ သတင်းတွေကို အကန့်အသတ်နဲ့ ဖော်ပြခွင့်ရလာပြီး ဗိုလ်ချုပ် 
အောင်ဆန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါး၊ စာအုပ်စာတမ်းတွေ စာပေလောကမှာ ပြန်လည် အတွေ့ရ များလာပါတယ်။


ပြီးခဲ့တဲ့လက သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော် သမ္မတ ရုံးခန်းမှာ တွေ့ဆုံတဲ့ သတင်းကို အစိုးရရုပ်မြင်သံကြားက ထုတ်လွှင့်ပြသတဲ့ အခါမှာလည်း သမ္မတရုံးခန်းနံရံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံချိတ်ထားတာကို တွေ့ခဲ့ရပါတယ်။


ဒါ့အပြင် အခု နောက်ဆုံး အပတ်စဉ် ဂျာနယ် ၂ စောင် (ပြည်သူ့ခေတ်၊ The Messenger) မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး တပုဒ်နဲ့ အင်တာဗျူးတပုဒ် ဖော်ပြခွင့်ရတာ တွေ့ရပါတယ်။