Monday, September 26, 2011

ရွှေဝါရောင်တော်လှန်ရေး ၄နှစ်ပြည့်


၂၀၀၇ သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ၈၈ မျိုးဆက် ကျောင်းသားများက လမ်းလျှောက်ဆန္ဒပြခဲ့ရာ ပါဝင်သူများကို အာဏာပိုင် များက ဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးလိုက်သူများကို ပြန်လွှတ်ပေးရန် စက်တင်ဘာ ၅ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များက စတင်၍ မေတ္တာပို့ကြွချီ တောင်းဆို ခဲ့သည်။

ထိုသံဃာတော်များကို အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် ကြိုးတုပ်၍ ရိုက်နှက်ခဲ့သည်။ ထိုသို့ သံဃာတော် များအပေါ် ကျူးလွန်မှုများကို တာဝန်ရှိသူအား သံဃာထုက မကျေနပ်၍ သံဃာထု ကျေနပ်သည်အထိ အာဏာပိုင်များက ၀န်ချ တောင်းပန်ရန်နှင့် တောင်းပန်ခြင်း မပြုပါက စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ကြေညာခဲ့သည်။

အာဏာပိုင်များက ၀န်ချတောင်းပန်ခြင်း မပြုခဲ့သောကြောင့် သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ဆန္ဒပြမှုများ နိုင်ငံတဝန်း ရက်ဆက်ဖြစ်ပေါ်ခဲ့ပြီး တောင်ဥက္ကလာရှိ ငွေကြာယံကျောင်းတိုက်ကို စစ်တပ်က ၀င်စီးကာ သံဃာတော်များအား အဓမ္မ ရိုက်နှက် ဖမ်းဆီးမှု ပြုလုပ်ခဲ့သဖြင့် ရဟန်းရှင်လူ ပြည်သူအများ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

စက်တင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှတဆင့် စီတန်းကြွချီလာသော သံဃာများ၊ ပြည်သူများကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည်။ စက်တင်ဘာ ၂၇ ရက်နေ့ ဆူးလေဘုရားအနီး ပစ်ခတ်မှုတွင်မူ ဂျပန် သတင်းထောက် ခန်ဂျီနာဂအိအပါအ၀င် ရဟန်းရှင်လူ ပြည်သူအများ သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ရသည်။

ရွှေဝါရောင်တော်လှန်ရေးကာလမှာ အသက်စွန့်သွားတဲ့သံဃာတော်တွေ၊ယနေ့တိုင်ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ သံဃာတော်တွေ အတွက် မမေ့ကြဘူးဆိုတာက သိစေချင်လို့ “ အခက်အခဲတွေကြားကနေ အားလုံးဝိုင်းကြိုးပမ်းကြပြီး ယ္ခုအောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ရခြင်းဖြစ်ပါသည်။