Thursday, September 22, 2011

ဦးထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ (ရန်ပိုင်)

 ဒီကနေ့ မြန်မာပြည်ရဲ့ စီးပွားရေး လောကကို တရုတ်လူမျိုးတွေက ဓနအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ ချယ်လှယ်နေတာ ဆိုတာ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။

မြန်မာပြည်ရဲ့ အချမ်းသာဆုံးလို့ဆိုရမယ့် ထူးကုမ္ပဏီက ဦးတေဇကတောင် “တရုတ်အများစုက မြန်မာပြည်မှာ နိုင်ငံသားခံယူပြီး သူတို့ အချမ်းသာဆုံးလို့ ကြွားနေကြတယ်၊ ဒါပေမယ့် သူတို့က မြန်မာစစ်စစ် မဟုတ်ပါဘူး” ဆိုပြီး အီတလီနိုင်ငံထုတ် La Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ မကြာသေးမီက ပြောခဲ့ဖူးပါသေးတယ်။

ထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော (ဘယ်ဘက်မှ ဒုတိယမြောက်) ကို ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နှင့်အတူ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၁၁ ရက်၊ ၂၀၁၁ က တွေ့ရစဉ် (ဓာတ်ပုံ - The New Light of Myanmar) တရုတ်လူမျိုးတွေဟာ မြန်မာစီးပွားရေး လောကမှာတင် တွင်ကျယ်နေရုံမက အခုဆိုရင် မြန်မာအစိုးရ အဖွဲ့အပေါ်မှာလည်း သြဇာလွှမ်းမိုးမှုတချို့ ရှိလာတယ်ဆိုတာ နေပြည်တော်နဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀န်းတွေအကြား ပြောဆိုမှုများလည်း ထွက်ပေါ်နေပါတယ်။

ဘယ်လောက် အတိုင်းအတာအထိ လွှမ်းမိုးနေသလဲဆိုတော့ သမ္မတ ဦးသိန်းစိန် မကြာသေးမီက သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ်တလုံးမှာ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပိုင်ရှင် ကိုးကန့်-တရုတ်လူမျိုး ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော က ကမကထပြု ဆောင်ရွက်ခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာ လိုက်ပါသွားခဲ့သူတဦးရဲ့ ပြန်ပြောပြချက်အရ သိရတယ်။

သမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကြီးတွေဖြစ်တဲ့ ထူး၊ မက်စ်မြန်မာ၊ IGE စတဲ့ ကုမ္ပဏီကြီးတွေအနေနဲ့ ကိုယ်စားလှယ်တွေပဲ လိုက်ပါခွင့်ရခဲ့ပြီး အေးရှားဝေါလ် ကုမ္ပဏီကတော့ ပိုင်ရှင်ဖြစ်တဲ့ ဦးထွန်းမြင့်နိုင် ကိုယ်တိုင် လိုက်ပါခွင့်ရခဲ့ပါတယ်။
ဦးထွန်းမြင့်နိုင်ဟာ တရုတ်ခရီးစဉ် တလျှောက်လုံး သမ္မတရဲ့ ဦးစားပေး စကားပြောဆိုခြင်းခံခဲ့ရသလို တရုတ်အစိုးရ အသိုင်းအ၀န်းကြားမှလည်း ဦးထွန်းမြင့်နိုင်က အတော်လေး ပေါက်ပေါက်ရောက်ရောက် ပြောနိုင်ဆိုနိုင် ရှိတဲ့သူဖြစ်တယ်လို့  အတူလိုက်ပါသွားသူက မှတ်ချက်ပေး ပြောဆိုပါတယ်။
တရုတ်အစိုးရ အသိုင်းအ၀န်းမှာ ဦးထွန်းမြင့်နိုင် ပေါက်ရောက်မှုရှိနေခြင်းဟာ တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ခြင်း၊ ယခုလက်ရှိ မြန်မာပြည်အနှံ့ တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးတွေ၊ တရုတ်ချေးငွေနဲ့ တည်ဆောက်နေတဲ့ နေပြည်တော်လေဆိပ် အပါအ၀င် ရန်ကုန်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကြီးတွေကို ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီတခုတည်းကသာ တည်ဆောက်ခွင့်ရရှိခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ချေးငွေ ၇၀ ရာခိုင်နှုန်းကို ၎င်းတို့ ကုမ္ပဏီက တဆင့် ဆက်သွယ်ချေးငှားပေးခဲ့တယ်လို့ အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး အသိုင်အ၀န်းကြားမှာ ပြောဆိုမှုတွေ ရှိနေတယ်။

ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဟာ ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက်စာချုပ် ၉ ခုနဲ့ တရုတ်ဘက်မှ အမေရိကန်ဒေါ်လာ ၇၆၃ သန်း ချေးဖို့ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ ပါတယ်။ 

ဒီခရီးစဉ်ကို အောင်မြင်စွာ ဦးဆောင်ခဲ့တဲ့ ဦးထွန်းမြင့်နိုင်ဟာ အသက်အရွယ်အားဖြင့် ၅၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ဖခင်ကတော့  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် သမ္မတကြီး ဦးနေ၀င်းက အရှေ့မြောက်ပိုင်းဒေသ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရန်ကို ကာကွယ်ဖို့ ကိုးကန့်ဒေသမှာ ပြည်သူစစ်အဖြစ် မြေတောင်မြှောက်ခြင်းခံရပေမယ့် နောက်ပိုင်းမှာ ဘိန်းဘုရင်အဖြစ် နာမည်ကြီးလာခဲ့တဲ့အတွက် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လော်စစ်ဟန် ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ လော်စစ်ဟန်ဟာ နောက်ပိုင်းမှာတော့ အရှေ့မြောက်ဒေသကို ရောက်ရှိလာတဲ့ စစ်တိုင်းမှူး အဆက်ဆက်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနိုင်ခဲ့တယ်ဆိုတာ န၀တခေတ် သစ်တောရေးရာဝန်ကြီးဟောင်း၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ (နောင်စစ်သည်) ရဲ့ ဘ၀အတွေ့အကြုံကို ရေးသားထားတဲ့ “သေတနေ့ မွေးတနေ့” စာအုပ်မှာလည်း ဖော်ပြထားပါတယ်။

၁၉၈၉ ခုနှစ် ဗကပမှ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ ခွဲထွက်ဖို့  ကြိုးပမ်းရာမှာလည်း ဖခင်ဖြစ်သူ လော်စစ်ဟန်က စစ်အစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးအဖြစ် ပါဝင်ခဲ့သလို၊ သားဖြစ်သူကလည်း တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့်နယ်ထဲသို့ အကြိမ်ကြိမ် ၀င်ရောက်ကာ ဖုန်ကြားရှင်အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်လို့ စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူးရုံးက ထုတ်ဝေတဲ့ တပ်မတော်သမိုင်း သတ္တမတွဲမှာ အတိအလင်း ရေးသားထားပါတယ်။

ဗကပ ပြိုကွဲခဲ့ရတဲ့အတွက် ရန်သူနည်းပါးသွားခဲတဲ့ စစ်အစိုးရဟာ လော်စစ်ဟန်တို့ သားအဖကိုလည်း အကျိုးအမြတ်အဖြစ် Asia World ဆိုတဲ့ နာမည်နဲ့ စီးပွားရေး လုပ်ခွင့်ပေးခဲ့ပါတယ်။

အေးရှားဝေါလ် ကုမ္ပဏီဟာ မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့် ရရှိခဲ့သလို၊ နောက်ပိုင်း အပြည်ပြည်ဆိုင်ရာ သီလ၀ါဆိပ်ကမ်း လုပ်ငန်းကိုပါ လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။

အရှေ့မြောက်တိုင်းမှာ ရင်းနှီးခဲ့တဲ့ တိုင်းမှူး သီဟသူရ ဦးတင်အောင်မြင့်ဦး ကုန်သွယ်ရေးမူဝါဒ ကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ အေးရှားဝေါလ်ကုမ္ပဏီဟာ ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့အပြိုင် နေပြည်တော် ဆောက်လုပ်ရေးကို လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဒီအတွက် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမီးတွေအတွက် ကိုယ်ပိုင်အိမ်တွေ အသီးသီး ဆောက်ပေးခဲ့တဲ့အပြင် သီဟသူရ ဦးတင်အောင်မြင်ဦးကိုလည်း ရန်ကုန်မှာ အိမ်တလုံးဆောက်ပေးခဲ့ပါတယ်။

မြန်မာသူဌေးတွေဖြစ်တဲ့ ဦးတေဇတို့ ဦးအောင်ကိုဝင်းတို့ လေကြောင်းလိုင်းတွေ ထောင်ပြီး အရှုံးပေါ်နေချိန်မှာ ကိုးကန့်-တရုတ်သူဌေး ဦးထွန်းမြင့်နိုင်ကို အကျိုးအမြတ် အများကြီး ရရှိနိုင်တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး လေဆိပ်တွေရဲ့ Ground Handling လို့ ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို သီဟသူရ ဦးတင်အောင်မြင့်ဦးက ထပ်မံပေးအပ် လုပ်ကိုင်စေပါတယ်။ 

ဒါ့အပြင် ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ တာဆန်းရေအားလျှပ်စစ် ထုတ်လုပ်ရေး အပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းများ၊ ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေး လုပ်ငန်း၊ အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ နေပြည်တော်လေဆိပ် တည်ဆောက်ရေးလုပ်ငန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး လုပ်ငန်း လုပ်ကိုင်ခွင့်တွေပါ ရရှိခဲ့ပါတယ်။

အေးရှားဝေါလ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ  ရေအားလျှပ်စစ်စီမံကိန်းတွေဟာ နှစ်ရှည်စီမံကိန်းကြီးများဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကိုသာမက ထွက်ရှိလာတဲ့ ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံသို့ ရောင်းချရာမှာ အေးရှားဝေါလ် ကုမ္ပဏီက အကျိုးအမြတ်ကို အချိုးကျ ခံစားခွင့်ရရှိဦးမယ်လို့လည်း သိရပါတယ်။

စီးပွားရေး အသိုင်းအ၀န်းရဲ့ ခန့်မှန်းချက်ကတော့ လက်ရှိအခြေအနေမှာ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီဟာ မြန်မာအစိုးရသစ်ရဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနဲ့  ပိုမိုအနီးကပ် ဆက်ဆံနေတဲ့အတွက် နောင်အနာဂတ်မှာ ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာကုမ္ပဏီ၊ ၀န်ကြီးဟောင်း ဦးအောင်သောင်းရဲ့သား ဦးနေအောင်ရဲ့ IGE ကုမ္ပဏီတို့ကို ဖြတ်ကျော်ကာ အချမ်းသာဆုံး စီးပွားရေးကုမ္ပဏီတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်

အာဏာသုံးရပ်လုံး ပိုင်တဲ့ အတွင်းရေးမှူး – ၁
နေ့သစ်

ဗမာပြည်မှာ အာဏာအရှိဆုံး ဘယ်သူလဲမေးရင် ယှဉ်ပြိုင်သူရှားတဲ့ အတွင်းရေးမှူး (၁) နာမည် ရှစ်လုံးပိုင်ရှင်ပဲ ပြောရင် ရာနှုန်းပြည့် မှန်မယ်။ ယခင် အတွင်းရေးမှူး (၁) တာဝန်ထမ်းဆောင်သူများနှင့်မတူ အာဏာအရပ်ရပ်ကို ခွဲကိုင်ထားပါ တယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကြီးအကဲဟုဆိုသော်လဲ မူဝါဒသာ ကိုင်တယ်။ လက်တွေ့ အကောင်အထည်ဖေါ် ဆုံးဖြတ် ခွင့်ပြုသူက အတွင်းရေးမှူး (၁) ပဲ၊ အမိန့်ပြန်တမ်းထုတ်ပြန်တာ လဲသူပဲ၊ ခန့်အပ်ခြင်းလဲ သူပဲ၊ စီမံကိန်းလုပ်ငန်းစာချုပ် များကိုလဲ သူပဲ အတည်ပြုရင်ပြီးရော၊ ဒီနေရာမှာ မလိုတမျိုး၊ လိုတမျိုးပေါ့။ သူ့ကို လိုလေသေးမရှိ ပေးကျွေးနေတဲ့ ဇော် ဇော်၊ ထွန်းမြင့်နိုင် တို့နှင့် ပတ်သက်တဲ့ စာချုပ်ဖြစ်ရင် မစိစစ်ဘဲ တင်လိုက်တာနဲ့ ခွင့်ပြုပြီးသားပဲ၊ သူတို့ (၂) ဦး မဟုတ် လို့ကတော့ ကျန်ဘယ်သူဖြစ်ဖြစ် အာဏာနှင့် အနိုင်ကျင့်ပြီး ရက်ရက်စက်စက်၊ ပက်ပက်စက်စက်၊ ကြမ်း ကြမ်းတမ်း တမ်း ဆိုလိုက်ပြောလိုက်တာ ဘေးကလူတွေ မကြားဝံ့မနာသာပါ။ ဘယ်လိုပဲ မှန်မှန်ကန်ကန် အစီအစဉ်ကျကျ တင်စေ အုံးတော့ ခဏထားအုံး ပြန်စိစစ်ပါအုံး၊ အမိန့်ချလိုက်တာပဲ။

ဝန်ကြီးများက ဒီလိုကိစ္စမျိုးကို ဇော်ဇော်၊ ထွန်းမြင့်နိုင်အနေနဲ့ တင်ပြရင် စက္ကန့် (၃၀) အတွင်း အတည်ပြုပြီး ဖြစ်မည်ဟု ငြီးတွားပြသည်။
ဒီဘ၀မှာ အတွင်းရေးမှူး (၁) ချစ်သော ဇော်ဇော်၊ ထွန်းမြင့်နိုင် မဖြစ်ရလေချင်း၊ သူတို့လို မပေးကမ်းနိုင်လို့ အဆဲအဆို ဘ၀ လူကြားသူကြားမရှောင် ရုတ်ရင်းကြမ်းတမ်းစွာ အပြောခံရတဲ့ ဘ၀မှ ဘယ်တော့ လွတ်ကင်းပါ့မလဲလို့ အချင်းချင်း ဖွင့်ဟပြောနေတယ်လို့ နေပြည်တော် အရာရှိတဦးထံမှ သိရှိရပါတယ်။

ပေးပို့သူ … ဒင်္ဂါး  

အမေရိကန် ပိတ်ဆို့မှု “ခရိုနီ” များ ကြောက်ရွံ့ဟု ဝီကီလိခ်ဆို
ကိုဝိုင်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။       ။ မထိရောက်ဟု လူအများ ပြောနေကြသော်လည်း အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို မြန်မာအစိုးရလက်ရင်းလူယုံ စီးပွားရေးလုပ်ငန်းရှင်များ (ခရိုနီ) ကြောက်ရွံ့လာနေကြသည်ဟု ရန်ကုန်မြို့ အမေရိကန် သံရုံးက သုံးသပ်မှု ပြုခဲ့သည်ကို ဝီကီလိခ် အင်တာနက် စာမျက်နှာများတွင် ပေါက်ကြားလာ ခဲ့သော အမေရိကန် နိုင်ငံခြားရေးဌာန လျှို့ဝှက်ကြေးနန်း စာတစောင်တွင် ပါရှိသည်။

သြဂုတ် ၃ဝ ရက်နေ့က ပေါက်ကြားသော ကြေးနန်းစာထဲတွင် ထူးထရိတ်ဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ အေးရှားဝေါ်လ် ကုမ္ပဏီမှ စတီဗင်လောနှင့် လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏သား ဧရာရွှေဝါ ကုမ္ပဏီပိုင်ရှင် ဦးအောင်သက်မန်းတို့ကို နာမည်တပ် ညွှန်းဆိုထားပြီး သူတို့ပိုင်ငွေများကို အပ်နှံလေ့ရှိသော စင်္ကာပူ ဘဏ်ကြီးများက ပိုမိုတင်းကျပ်သော စည်းကမ်းများချမှတ်လိုက်၍  အခက်အခဲများဖြစ်လာကြောင်း ပါရှိသည်။

ရန်ကုန်အမေရိကန်သံရုံးက ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံ ပေးပို့သည့် ၂ဝဝ၈ ခု မတ်လ ၂၅ ရက်စွဲပါ ကြေးနန်းစာတွင် သံရုံးအဆက်သွယ်များမှတဆင့် သိရသော သတင်းအချက်အလက်များကို အခြေခံပြီး ရေးသားထားရာတွင် မြန်မာနိုင်ငံသားများကို ဘဏ်စာရင်းတခုမက ဖွင့်ခွင့်ပေးသော ယင်းဘဏ်နှစ်ခုက ဘဏ်စာရင်း တခုသာ ဖွင့်ခွင့်ပေးပြီး ချက်လက်မှတ်ဖြင့် ပေးချေခွင့်ကိုလည်း လက်မခံတော့ကြောင်း ပါရှိသည်။ ထို့အပြင် ငွေလွှဲ စာတမ်း letter of credit-LC ကို လည်း ဘဏ်မှ မထုတ်ပေးတော့ကြောင်း ပါရှိသည်။

“အခုဆိုရင် စင်ကာပူဘဏ်တွေဟာ မြန်မာနိုင်ငံနဲ့ ငွေအလွဲအပြောင်းတွေကို အနီးကပ် စောင့်ကြည့်နေပြီး ကုမ္ပဏီ ဒါမှမဟုတ် ပုဂ္ဂလိကတဦးချင်းက စင်ကာပူဒေါ်လာ ၃ဝ,ဝဝဝ ကျော်ပြီး ပို့ချင်တယ်ဆိုရင် ဒီငွေဘယ်ကရလည်း ဆိုတာ ဖော်ပြရတော့မှာပါ” ဟု သံအရာရှိက သိရှိရချက်ကို ပြန်လည်ပြောဆိုထားသည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ အရေးယူစာရင်းပါ စီးပွားရေးသမားများအနက် အချို့က စင်္ကာပူ နိုင်ငံအစား ဒူဘိုင်း၊ ကိုရီးယား၊ ဟောင်ကောင် နိုင်ငံတို့မှ ဘဏ်များမှတဆင့် ငွေလွှဲပြောင်းနိုင်ရေး နည်းလမ်းရှာနေကြသည်ဟု ဆိုသည်။

UOB ဘဏ်က ကိုရီးယားသို့ ငွေမလွဲပေးသဖြင့် ကိုရီးယားကုမ္ပဏီတခုထံမှ ကုန်ပစ္စည်းတင် သင်္ဘောနှစ်စင်း ဝယ်ယူရန် လက်မှတ်ထိုးပြီးမှ ဦးတေဇ အစီအစဉ်ဖျက်လိုက်ရသည်ကအစ အမေရိကန်သံရုံးက သိရှိနေခဲ့သည်။

မြန်မာစစ်အစိုးရက သူ့အား ကျားကန်ပေးနေသူများကို လုပ်ပိုင်ခွင့်များ ပြန်ပေးနေသည်ကိုလည်း ရန်ကုန် အမေရိကန် သံရုံးက ထောက်ပြထားသေးသည်။

ဦးတေဇမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ပိုင် “မြန်ဂုဏ်မြင့်” ကားတင်သွင်းသည့် ကုမ္ပဏီကိုလည်း လွှဲပြောင်း လုပ်ပိုင်ခွင့် ရတော့မည်ဟု သံရုံးက သူ၏ စိတ်ချရသည့် စီးပွားရေးလုပ်ငန်းရှင် အဆက်သွယ်များမှ တဆင့် ကြိုတင်သိရှိနေသည်။ ကားတစီး တင်သွင်းလျင် အမေရိကန်ဒေါ်လာ ငါး သောင်းမှ တသိန်း အကြားအမြတ်ရမည်ဟုဆိုသည်။ 

သစ်၊ ကျောက်မျက်ရတနာနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းနှင့် လေကြောင်းလိုင်း စသည့် လုပ်ငန်းကြီးများ လုပ်ကိုင်နေသော ထူးထရေးဒင်း အုပ်စုတွင်လည်း ညွှန်ကြားရေးမှူး လုပ်နေသည့် ဦးအောင်သက်မန်း ကမူ စင်္ကာပူတွင် Asia Might၊ Ayer Hinda၊ Terrestrial စသည့် ကုန်သွယ်ရေးကုမ္ပဏီ သုံးခုကို ထပ်မံဖွင့်လှစ်သည်။

နေပြည်တော်ရှိ တိရစ္ဆာန်ဥယာဉ်အသစ်နှင့် ဈေးဝယ်စင်တာကြီးများ၊ အဝေးပြေးကားလမ်းများကို အခမဲ့ တည်ဆောက်ပေးခဲ့သည့်အတွက် စတီဗင်လော (ထွန်းမြင့်နိုင်) မှာမူ တစီးလျင် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်သည့် ကားအစီး ၂ဝ တင်သွင်းခွင့် လိုင်စင်နှင့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်း လိုင်စင်များ ရထားသည်ဟု ကြေးနန်းက ဖော်ပြထားသည်။

စတီဗင်လောနှင့် သူ၏ ဇနီး၊ ဖခင် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်တို့နှင့် သူတို့ပိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီ အပါအဝင် ဆိပ်ကမ်းစီမံရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းကုမ္ပဏီ တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ဝ၁ဝ ခုက စတင် ပိတ်ဆို့ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးပိတ်ဆို့မှုအရ အမေရိကန် ဘဏ်များ၊ ကုန်သွယ်ရေး ကုမ္ပဏီများ၊ အာမခံကုမ္ပဏီများသာမက အမေရိကန် နိုင်ငံသားတဦးချင်းကပင် ပိတ်ဆို့ခံ ထားရသည့် မြန်မာကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှက်၍ သော်လည်းကောင်း ဘဏ္ဍာရေးအရ ဆက်စပ်ပိုင်ခွင့် မရှိပေ။

ယင်း ပိတ်ဆို့မှုသည် အမေရိကန်သမ္မတ ဂျော့ ဒဗလျူ ဘုရှ် အစိုးရလက်ထက် ၂ဝဝ၃ ခုက မြန်မာ့လွတ်လပ်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ Burmese Freedom and Democracy Act ot 2003 ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့ ပြီးနောက် မြန်မာ့ကုန် ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၈ တွင် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုများ တိုးချဲ့ဆောင်ရွက်ခဲ့သည်။

သူတို့နှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုနှင့် ကိုယ်ရေး အချက်အလက်များကိုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သူ၏ အင်တာနက် စာမျက်နှာတွင် တရားဝင် ထုတ်ပြန်ထားသည်။