Tuesday, July 5, 2011

7 ဇူလိုင် သမိုင်း တရားခံများ

 
2011-7-3
          ၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့သည် မြန်မာ့ သမိုင်း စာမျက်နှာ၌ ကံဆိုး မိုးမှောင် ကျသော နေ့တနေ့ ဖြစ်သည်။ ထို့ပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို နိဂုံးချုပ်၍ စစ်အာဏာရှင် အစိုးရစတင် ပေါ်ထွန်း ခဲ့သော နေ့တနေ့လည်း ဖြစ်လေသည်။ မှန်ပေသည် ထိုနေ့ နံနက်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ (ဝါ) စစ်အာဏာရှင် တို့သည် သမ္မတ ဦးဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနု၊ ဝန်ကြီးများ အစရှိသူတို့ကို ဖမ်းဆီး၍ နိုင်ငံတော် အာဏာကို သိမ်းယူ လိုက်လေသည်။
           စစ်တပ်မှ အာဏာ သိမ်းယူ လိုက်ကြောင်း ကြေညာချက်များနှင့်အတူ ပြည်သူ တို့အား စီတန်းလမ်း လျှောက်၍ ဆန္ဒပြပွဲများ မပြုလုပ်ကြရန် မေတ္တာ ရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူ မည်ဟုလည်း နောက်ဆက်တွဲ သတိပေးထား၏။ ကြေညာချက်များကို ဖတ်ရှုရုံဖြင့် စစ်တပ်က အာဏာ သိမ်းကြောင်း ကြေညာချက်ကို ဆန့်ကျင်မှုများ ပေါ်ထွက် လာမည်ကို ဗိုလ်နေဝင်းနှင့် စစ်အာဏာပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာ ထင်ရှား လှပေသည်။
    အိမ်စောင့် အစိုးရခေတ် (၁၉၅၈-၆ဝ) တွင် ကိုကိုးကျွန်း အကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီ လိုလား သူများနှင့် ကွန်မြူနစ် အရောင်အသွေး ရှိသူများဟု ယူဆသူများကို ဒလကြမ်း ဖမ်းဆီး နှိပ်စက်ခဲ့သည့် သင်ခန်းစာ ရှိသဖြင့် ကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခြင်း မရှိစေကာမူ စစ်အစိုးရ အလို မရှိကြောင်း ကန့်ကွက် သောစာများ မတ်လ (၂) ရက်နေ့မှ စတင်ကာ ပလူပျံ ပေါ်ထွက် လာခဲ့သည်။ လူငယ် တပ်ဦးနှင့် မဟာမိတ် အဖွဲ့ (၁ဝ) ဖွဲ့၊ ရခိုင် သံဃာ တပ်ဦး၊ ရခိုင် သောတုဇန အဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင် ကန့်ကွက် ချက်များ ထုတ်ပြန် ကြသည်။
          ရဲဝံ့ ပြတ်သားစွာ ကြေညာသော အဖွဲ့အစည်းများမှာ ကျောင်းသား အဖွဲ့အစည်းများ ဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန် ခရိုင် ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတို့က စစ်တပ်က အာဏာ သိမ်းခြင်းကို မည်သည့် နည်းနှင့်မျှ လက်မခံ နိုင်ကြောင်း ကြေညာခဲ့ကြသည်။ ကြေညာချက်နှင့် အညီ စစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင် ကြသဖြင့် စစ်အာဏာပိုင်တို့နှင့် ထိပ်တိုက် တွေ့ကြ ရလေသည်။
            ထို့နောက် တော်လှန်ရေး ကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် ကျောင်း စည်းကမ်းသစ်များ ကို ထုတ်ပြန် ကြေညာ ခဲ့သည်။ အဆိုပါ စည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသား ဆန္ဒပြ လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့် လာခဲ့သည်။ ဇူလိုင်လ (၅) ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြကြသည့် ကျောင်းသားများကို ရဲတို့က သေနတ် နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသား တဦး ဒဏ်ရာ ရရှိသဖြင့် ဆေးရုံသို့ ပို့ရသော အခါတွင် လှုပ်ရှားမှုများ ပိုမို ပြင်းထန်လာ သဖြင့် ရန်ကုန် ခရိုင် ရာဇဝတ် တရားသူကြီးက ကမာရွတ် အဝိုင်းကြီး နယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ် နယ်မြေအတွင်း နေဝင်မီးငြိမ်း အမိန့် ထုတ် ပြန် လေသည်။
    ထိုနေ့၌ပင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများသည် တက္ကသိုလ် ပရိဝုဏ် တခုလုံး တံခါးများကို သော့ခတ် ပိတ်ဆို့ပြီး ဒီမိုကရေစီ ခံတပ်ကြီးဟု ဆိုင်းဘုတ်များ တင်ကာ ဒီမိုကရေစီ တရားပွဲများကို အသံချဲ့စက်ဖြင့် ဟော ပြောကြသည်။ မကျေမနပ် ဖြစ်နေသော ကျောင်းသားများသည် စစ်တပ် ဆန့်ကျင်ရေးကို အမျိုးမျိုးဟောပြော နေကြရာ “တော်လှန်ရေး ကောင်စီဝင် ဗိုလ်မှူးကြီး များသည် သုံးယောက် ပေါင်းမှ (၇) တန်းသာ အောင်သူများ ဖြစ်ကြသည်” စသည်ဖြင့် စိတ်တွင်းရှိသမျှ ဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက် များသည် အနာပေါ် တုတ်ကျသည့် အလား နားမခံ နိုင်သဖြင့် ဒေါသ အမျက် ချောင်းချောင်း ထွက်ကာ စစ်တပ်မှ ပစ်ခတ် သတ်ဖြတ်ရန် ဗိုလ်နေဝင်းက ကြိုးမဲ့ အသံလွှင့် စကားပြောခွက်ဖြင့် ကိုယ်တိုင် အမိန့်ပေးခဲ့သည်။
    ထိုစဉ်က တက္ကသိုလ် တဝိုက်တွင် တပ်စွဲထားသော စစ်တပ်များကို ကွပ်ကဲနေသူ ဒုတိယ ဗိုလ်မှူးကြီး စိန်လွင်က တပ်သားများအား အဆင့်ဆင့် အမိန့်ပေသဖြင့် လက်နက်မပါဘဲ မိမိတို့ အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့် ကျောင်းသားများကို အစုလိုက် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိသည့် အဆောင်နေ ကျောင်းသားများ ကိုပါတွေ့ရာ သင်္ချိုင်း ဓားမဆိုင်းဘဲ ပစ်ခတ် သတ်ဖြတ်ကြသည်။
           စစ်တပ်သည် ဂျီသရီး မောင်းပြန် သေနတ်သစ်များကို ပထမဆုံး စတင် အသုံးပြုကာ လက်တည့်စမ်း ပစ်ခတ် ခဲ့ကြသည်။ ထိုသေနတ် သစ်များမှာ အနောက် ဂျာမဏီမှ ပစ္စည်း ကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသရီး သေနတ်သစ် များကို အာဏာ သိမ်းစဉ်က တပ်အချို့သို့ ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက် သစ်များကို စမ်းသပ်ရန် လက်ယား နေသူ ဗိုလ် နေဝင်း အဖို့ အခွင့်အရေး ရရှိသွားတော့သည်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသား အရေးအခင်း၌ စစ်အာဏာရှင် အစိုးရက ကျောင်းသား (၁၅) ဦး သေဆုံးပြီး၊ (၂၇) ဦး ဒဏ်ရာရရှိသည်ဟု ကြေညာခဲ့သော်လည်း အမှန်တ ကယ်သေဆုံးခဲ့ရသူပေါင်းမှာ (၂ဝဝ) နီးပါးခန့်ရှိ၍ (၄ဝဝ) ခန့်ဒဏ်ရာ ရရှိခဲ့လေသည်။ ကျောင်းဝင်း အတွင်းသို့ ပစ်ခတ် တိုက်ခိုက်ပြီးနောက် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တကသ) ၏ အဆောက် အဦကို စစ်တပ်က ဝိုင်းထားပြန်၏။
          တက္ကသိုလ် သမဂ္ဂ အဆောက်အဦကြီးသည် ရန်ကုန် တက္ကသိုလ်၏ ဂုဏ်ထူးဆောင် အဆောက် အဦဖြစ်သည် သာမက မြန်မာ့ နိုင်ငံရေး သမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ် အသိအ မှတ်ပြုထားသည့် ဗိမာန်ဖြစ်သည်။ ၁၉၂ဝ ခု၊ ဒီဇင်ဘာ (၅) ရက်နေ့ တက္ကသိုလ် ကျောင်းသားများ၏ သပိတ်မှ စတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသားခေါင်း ဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ များဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ်ကျောင်းသား များသမဂ္ဂ (တကသ) ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့သည်။ သမဂ္ဂ၏ ရုံး အဆောက်အဦကို ဝံသာနု မြန်မာ သူဌေးကြီး ဦးညိုက တည်ဆောက် လှူဒါန်းခဲ့သည်။ အဆောက်အဦကို ကျောင်းသား များ၏ ပညာရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကိစ္စများကို အသုံးပြုရန် ရည်ရွယ် ခဲ့သဖြင့် အင်္ဂလိပ် တက္ကသိုလ် အာဏာပိုင် များကပင် အားပေး ခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲ များ ကျင်းပလေ့ရှိရာ တွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေး ပြဿနာ ပေါ်လာသောအခါ သမဂ္ဂ ခန်းမဆောင်မှာ နိုင်ငံရေးခေါင်းဆောင်များ၏ စကားစစ်ထိုးရာ ဗိမာန်ဖြစ်လာခဲ့ပေသည်။ ဦးဘစော၊ ဒေါက် တာဘမော်စသော ခေါင်းဆောင် များသည် တကသ ခန်းမမှာ ဟောပြောကြရင်း စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင် ခဲ့ကြသည်။
              နောက်ပိုင်း တကသ အသင်းကို ကျောင်းသား ခေါင်းဆောင် အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်း ဖေနှင့် ကိုရာရှစ်တို့ တက်လာ ချိန်မှ စတင်ပြီး နယ်ချဲ့ တိုက်ပွဲ၊ နယ်ချဲ့ခံတပ် အဆောက်အဦကြီး ဖြစ်လာခဲ့သည်။ ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံမှ အင်္ဂလိပ် တို့အား လက်နက်နှင့် တိုက်ခိုက် နှင်ထုတ်မှု အထိ အရှိန်အဟုန် ပြင်း ထန်ခဲ့သဖြင့် လွတ်လပ်ရေး တိုက်ပွဲများ၏ အောင်ဗိမာန်ကြီး အဖြစ် မြန်မာ တမျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေဝင်း ခေါင်းဆောင်သော စစ်အာဏာရှင် အစိုးရအများစုသည် တက္ကသိုလ် ကျောင်းသား ဘဝက တကသ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူလူထုက ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲ မနာလို ဖြစ်နေခဲ့သည်။ ထို့ကြောင့် တကသ ကျောင်းသား လှုပ်ရှားရာ ဘူမိနက်သန် တကသ အဆောက်အဦကြီး ကို ဖြိုဖျက်ရန် အမြဲ ဆင်ကြံ ကြံရွယ်လျက် ရှိသည်။
           ထို့နောက် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို ပစ်ခတ် သတ်ဖြတ်စဉ်က ကျောင်းသား ခေါင်းဆောင် များ သေဆုံးခြင်း မရှိ၊ အချို့မှာ ဖမ်းဆီး၍ပင် မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုန်း အောင်းနေသည်ဟု သတင်းကို ဗိုလ်နေဝင်း သိရှိသော အခါ တကသ ခေါင်းဆောင် မှန်သမျှကို သတ်ဖြတ်ရန်နှင့် တကသ အဆောက်အဦကြီးကိုပါ ဇူလိုင်လ (၈) ရက်နေ့တွင် အပြီးအပြတ် ဖျက်ဆီးရန် အမိန့်ပေးခဲ့လေသည်။ သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေဝင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် နေသော တော်လှန်ရေး ကောင်စီက “စည်း မဲ့ကမ်းမဲ့ဘဝကို ပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်ကျရောက်နေသဖြင့် တပ်မတော်၏အား တစိတ် တဒေသ ကိုသုံး၍ ဖြေရှင်း လိုက်ရခြင်း ဖြစ်သည်” ဟု ကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကို အံတုလျှင် ယခုထက် ကြီးမားသော လက်နက် အင်အားနှင့် ဖြေရှင်းမည်ဟု ရာဇသံ ပေးသည့် သဘော သက်ဝင်၏။
             ထို့ပြင် တကသ အဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့် မိန့်ခွန်း ပြောရာတွင် သူက သတ်ဖြတ် လိုက်သော ကျောင်းသားငယ် ကလေးများသည် လက်နက်ဟူ၍ အပ်တိုတချောင်းမှ မရှိကြသည်ကို သိပါလျက်နှင့် လက်နက်ကိုင် သူပုန် အဖွဲ့ကြီးကို ရင်ဆိုင် နေသည့် သဖွယ် ပုံကြီးချဲ့၍ ‘ဓားကိုဓားချင်း၊ လှံကိုလှံ ချင်း ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်’ ဟု ဒေါသပုန်သံနှင့် အသံလွှင့် ပြောကြား ခဲ့ပြန်သည်။ ဗိုလ်နေဝင်းနှင့် စစ်ဗိုလ် တစုသည် ဇူလိုင်လ (၇) ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့် နိုင်ငံက အမွန်အမြတ် ထားသည့် တကသ အဆောက် အဦကြီးကို ဗုံးခွဲ ဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက် မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ ကြီးလေးသော ရာဇဝတ်မှုကြီး ဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီး ဖြစ်နေသည်ကို စဉ်းစားမိ လေသည်။ ‘နှံပြည်စုတ် ကို အမြောက်နှင့်ပစ်’ သလို ရာဇဝင်ရိုင်း လုပ်ဆောင်ချက်ကို တနေ့နေ့တွင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြသည်။
        မတရား ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီး အတွက် တစိမ့်စိမ့် ကြောက်ဒူး တုန်လာကြသော အခါ တရားခံသည် မိမိ မဟုတ်ပါ။ တဦးကို တဦးက လက်ညှိုး ထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်း ထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်ကြီး တို့သည် တဦးကို တဦး တရားခံ ဖြစ်လေဟန် ဖော်ကောင် လုပ်ကြသည်မှာ ဗမာ့ တပ်မတော်ကြီး၏ ထိပ်သီး စစ်သား ရင့်မာကြီးများ ဖြစ်ကြသော်လည်း သာမန်ဓားပြလူဆိုးဂိုဏ်း တခုမျှ လောက်ပင် ညီညွတ်မှု မရှိ။ အမှားကို ဝန်ခံရန် သတ္တိ မရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင်နေပေသည်။
    ထိုစဉ်က ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ ဗိုလ်အောင်ကြီးက “တကယ် အမိန့် ပေးတဲ့စာ ယူလာပြီး၊ မရမ်း ကုန်းကို ပေးလာသူက ဗိုလ်သန်းစိန် ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကို မှာယူခဲ့ပါ တယ်။ အဲဒီမှာမလုံလောက်လို့ ပင်မ စစ်ပစ္စည်း သိုလှောင်ရေးမှာ သွားယူခိုင်း သူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီ တပ်မှူး ဗိုလ်ဝင်းကို လိုက်ရှာပြီး၊ အင်းတိုင်ကို သွားရောက် ယူရတာပါ။ ခွဲဖို့ အမိန့်ပေးသူတွေ ကတော့ ပြည်ထဲရေး ဝန်ကြီးနဲ့ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ကျော်စိုး ဖြစ်ပါတယ်။ တကယ် ဒိုင်းနမိုက်တွေ ဆင်ရတဲ့ သူက အင်ဂျင်နီယာ တပ်က ဗိုလ်မှူး ထွန်းရီ ဖြစ်ပါတယ်။ အားလုံး ဒိုင်းနမိုက်တွေ ဆင်ရတာဟာ ဇူလိုင်လ (၇) ရက်နေ့ နံနက်လင်း အားကြီးမှ ဖြစ်ပါတယ်။ လက်မှတ် ထိုးမည့်သူ အရာရှိ ကြီးကြီးမားမား မရှိလို့ ပြဿနာ တက်နေတုန်း လမ်း လျှောက်ရင်း ရောက်လာ တာက ဗိုလ်မှူးကြီး သူရ မင်းသိန်း ဖြစ်ပါတယ်။ သူကဝင်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေး ထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူက လက်မှတ် ရေးထိုးပြီး ဒိုင်းနမိုက် ခွဲတာ ဖြစ်ပါတယ်။”