Saturday, September 20, 2014

ကလေး နည်းပညာတက္ကသိုလ် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံး ပြန်ဖြေခိုင်း၍ ကျောင်းသား၊ ကျောင်းသူများ ဆန္ဒပြ

၂၀၁၄-၉-၂၀

၂၀၁၄-၉-၁၉ ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် စာမေးပွဲအဖြေလွှာများ ပျောက်ဆုံးသွားသော
 ကြောင့် ယင်းတက္ကသိုလ်မှ လက်ထောက်ညွှန်ကြားရေးမှူးက ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဖြေလွှာများမှာ စက်တင်ဘာ ၁၇ ရက်က ပျောက်ဆုံးသွား ခြင်းဖြစ်ပြီး ကလေးမြို့ နည်းပညာ
တက္ကသိုလ် လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်းက တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးက အတည်ပြုသည်။
အဖြေလွှာများ ပျောက်ဆုံးသွားသောကြောင့် သက်ဆိုင်ရာ မေဂျာအလိုက် ပြန်လည်ဖြေဆိုရန်
လိုအပ်သည့် ဘာသာရပ်များကို အဆိုပါတက္ကသိုလ်၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားသော်လည်း
 ကျောင်းသားများက စာမေးပွဲပြန်မဖြေနိုင်ကြောင်း ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
အဖြေလွှာများပျောက်ဆုံးခြင်းကို စက်တင်ဘာ ၁၈ ရက် နံနက်တွင် သိရှိခဲ့ခြင်းဖြစ်ကာ ပျောက်ဆုံး
သွားသော အဖြေလွှာများမှအချို့ကို ကျောင်းနံဘေးရှိ ရေမြောင်းအတွင်းမှ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး
 အချို့အဖြေလွှာများမှာမူ ပျောက်ဆုံးလျက်ရှိကြောင်း ကလေး နည်းပညာတက္ကသိုလ်မှ ဆရာတစ်ဦးက
 ပြောသည်။
နည်းပညာတက္ကသိုလ် စာမေးပွဲများကို စက်တင်ဘာ ၈ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
 ဖြေဆိုခဲ့ခြင်းဖြစ်သည်။ အဖြေလွှာပျောက်ဆုံးမှုများ ဖြစ်ခဲ့သော်လည်း ကလေးမြို့ နည်းပညာ
တက္ကသိုလ်၌ စက်တင်ဘာ ၁၈ ရက်တွင် ပုံမှန်ဖြေဆိုရမည့် စာမေးပွဲများ ဆက်လက်ဖြေဆို
ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
အဖြေလွှာများပျောက်ဆုံးမှုကို ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အမှုဖွင့်အရေးယူထား သည်။‘‘ကျောင်းမတိုင်ခင် ဒီဘား ထုတ်တာ (ကျောင်းပျက်ရက်များ၍
 ကျောင်းထုတ်ခြင်း)တော်တော်များတယ်လို့ သိရတယ်။ စာမေးပွဲ ရက်မှာလည်း ကျောင်းသားတွေ
ထပ်ပြီး အထုတ်ခံရတယ်လို့ကြားတယ်။ အဲဒီလိုတွေဖြစ်လို့ ဒေသခံတွေက အဖြေလွှာတွေကို
 ရေအိုင်ထဲလွှင့်ပစ်တယ်လို့တော့ ကြားတာပဲ။ ဘယ်လိုဖြစ်တာလဲ အတိအကျတော့ မသိဘူး’’ဟု နည်းပညာတက္ကသိုလ် ဆရာတစ်ဦးကပြောသည်။
ကလေးမြို့နည်းပညာတက္ကသိုလ်တွင် လွန်ခဲ့သည့် ရှစ်နှစ်ခန့် ကလည်း စာမေးပွဲဖြေဆိုခါနီး အချိန်တွင် ဒေသခံများက စာမေးပွဲမေးခွန်းများပါသည့် သေတ္တာကို ယင်းကျောင်းအနီးရှိ သုသာန်တွင် ၀ှက်ထားသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ဖူးကြောင်း အထက်ပါဆရာကပြောသည်။
By..ဇွဲဉာဏ်
နည်းပညာတက္ကသိုလ်(ကလေး)တွင် စာမေးပွဲပြန်လည်ဖြေဆိုရန် ကြေညာချက်ထုတ်ပြန်ပြီး
နောက် ကျောင်းသား၊ ကျောင်းသူများ မကျေမနပ်ဖြစ်ကာ စုရုံးနေစဉ် (ဓာတ်ပုံ − လှိုင်ထွန်း)