Sunday, August 10, 2014

ဂျပန်မှာ အလုပ်ရမယ်ဆိုပြီး သိန်း ၃ထောင်ကျော်ဖိုး ပြည်သူတွေလိမ်ခံရ

၂၀၁၄-၈-၁၀
ဂျပန်မှာ Work Permit နဲ့ အလုပ်ရမယ်ဆိုပြီး တစ်ယောက်ကို ကျပ်သိန်းတစ်ရာကျော်စီ
အလိမ်ခံရတဲ့ ၁၆ယောက်နဲ့ အခြားကိစ္စနဲ့ လိမ်ခံခဲ့ရသူ၇ယောက်က အောင်ချမ်းမြေ့
 ဆေးဝါးကျွမ်းကျင်သင်တန်းနဲ့ ကျော်ကျော်နိုင် မိသားစု နည်းပညာဝန်ဆောင်မှုကုမ္ပဏီက
သူတို့ကို လိမ်လည်ခဲ့တယ်လို့ သြဂုတ် ၆ရက်နေ့က စွပ်စွဲခဲ့ပါတယ်။

အစိုးရပိုင် သတင်းစာတွေကနေ ဂျပန်နိုင်ငံကို ၄လအတွင်း သွားရမယ်ဆိုတဲ့ ကြော်ငြာကြောင့်
စုံစမ်းပြီး သင်တန်းတက်ခဲ့တဲ့ ကိုနန္ဒဇော်က ပြီးခဲ့တဲ့ မတ်လမှာ ဂျပန်နိုင်ငံ ဖူဂိုရှီးမားမြို့မှာ အလုပ်ရမယ်ဆိုပြီး ကျပ်သိန်း၁၁ဝ ပေးရင် Work Permit နဲ့ရမယ်ဆိုပြီး စာချုပ်စာတမ်းနဲ့
 ပေးချေပြီးနောက်ပိုင်း ဖုန်းအဆက်အသွယ်ပဲရပြီး လူကိုရှာလို့မတွေ့တော့ဘူးလို့ ပြောပါတယ်။

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို တိုင်ကြား
ထားပေမယ့် အကြောင်းပြန်တာလည်းမရှိဘူးလို့ ဆိုပါတယ်။ သူ့လို နိုင်ငံခြားမှာ အလုပ်ရမယ်ဆိုပြီး အလိမ်ခံရတာဟာ နိုင်ငံတွင်း အလုပ်အကိုင်အခွင့်အလမ်းမရှိတာနဲ့ အစိုးရကအကာအကွယ်မပေး
တာကြောင့်လို့ ဆိုပါတယ်။

အောင်ချမ်းမြေ့ ဆေးဝါးကျွမ်းကျင်သင်တန်းနဲ့ ကျော်ကျော်နိုင် မိသားစုနည်းပညာဝန်ဆောင်မှု
 ကုမ္ပဏီက ဦးကျော်ကျော်နိုင်ဟာ Work Permit ရမယ်ဆိုပြီး လူ ၂ဝရဲ့ငွေအပြင် သင်တန်း တက်နေသူတွေဆီကပါ အားလုံးပေါင်းရင် လူ ၂ဝဝရှိပြီး ကျပ်ငွေ သိန်း သုံးထောင်ကျော်ကို လိမ်လည်သွားတယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။

ဒီလို လိမ်လည်မှုတွေမှာ တာဝန်အရှိဆုံးက အေဂျင်စီကို လိုင်စင်ချပေးတဲ့ အဖွဲ့အစည်းဖြစ်
တယ်လို့ ကိုချမ်းမြေ့သော်တာဝင်းက ဆိုပါတယ်။ ပြည်သူတွေကို ဒီလိုလိမ်လည်တဲ့
ကုမ္ပဏီတွေက ဆက်ပြီးလိမ်နေမှာမို့ ဦးကျော်ကျော်နိုင်ကို ထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ကတော့ ငွေမရမချင်း တိုင်ကြားသွားမယ်လို့
ဆိုပါတယ်။