Thursday, February 6, 2014

NLD လူငယ်ညီလာခံ ကျင်းပရေးအတွက် အဖွဲ့ဝင်ပုံစံ ရောင်းချပေးခြင်းကို ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထားပြုလုပ်မည်

၂၀၁၄-၂-၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ လူငယ်ညီလာခံ ကျင်းပနိုင်ရေးအတွက် လူငယ်ပါတီဝင်
အင်အား စုဆောင်းရန် အဖွဲ့ဝင်ပုံစံ ရောင်းချခြင်းကို ဖေဖော်ဝါရီ ၂ဝ ရက် နောက်ဆုံးထား ပြုလုပ်မည်ဖြစ်ကြောင်း NLD လူငယ်ညီလာခံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ကိုမောင်မောင်ဦးက ပြောကြားသည်။

လူငယ်အဖွဲ့ဝင် ပုံစံများအတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထား ကောက်ခံမှုများအရ လျှောက်ထားသူ ၃ဝဝဝဝ ကျော်ရရှိထားပြီးဖြစ်ကာ NLD ရုံးချုပ်အနေဖြင့် တိုင်းနှင့်ပြည်နယ် အားလုံး
မှ လူငယ်ကော်မရှင် ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများထံသို့ ရောင်းချပေးထားသည့် ပုံစံအရေအတွက် ၇ဝဝဝဝ ခန့်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ပုံစံတွေ ရောင်းချထားတာတွေကို ဖေဖော်ဝါရီ ၂ဝ ရက် နောက်ဆုံးထားပြီး ရုံးချုပ်ကို အရောက်ပြန်ပို့ဖို့ ပြောထားတယ်။ အစ်ကိုတို့က အားလုံးပေါင်း ၆ဝဝဝဝ ကျော် ၇ဝဝဝဝ လောက် ရောင်းထားတာကိုး။ အခုက ၃ဝဝဝဝ ကျော်လောက်ပဲ တက်လာသေးတော့ တစ်ဝက်ကျော် ကျန်နေသေးတယ်။ ပြန်သိမ်းပြီးမှ သူတို့တင်လာတဲ့ ဖောင်တွေက အချက်အလက်ပြည့်စုံမှု ရှိမရှိ ပြန်စစ်ရမှာလေ။ တချို့တောရွာတွေမှာက လွဲလာတာတွေရှိတယ်။ အဲဒီလိုဆိုရင် လက်ခံလို့ မရဘူး။ အဲဒီတော့ မစုံသေးရင် ပြန်ချပေး။ ပြီးရင်အဲဒါတွေကို ပြန်သိမ်းတာတွေ လုပ်ရဦးမယ်” ဟု ကိုမောင်မောင်ဦးကဆိုသည်။

အဆိုပါ NLD လူငယ်ညီလာခံအတွက် လက်ရှိအခြေအနေအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးမှသာ ပြုလုပ်သွားဖွယ်ရှိကြောင်း ၎င်းကပြောကြားသည်။

လူငယ်အဖွဲ့ဝင်အတွက် ၁၆ နှစ်နှင့် ၃၅ နှစ်အကြား မြန်မာနိုင်ငံသား မည်သူမဆို လျှောက်ထားနိုင်ပြီး မြို့နယ်တစ်ခုချင်းစီအလိုက် Form တစ်စောင်လျှင် ငွေကျပ် ၂ဝဝ နှုန်းဖြင့် ဝယ်ယူကာ အဖွဲ့ဝင်အဖြစ် လျှောက်ထားစေခြင်းဖြစ်ကြောင်း သိရသည်။

လူငယ်ညီလာခံအတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက် ညီလာခံများ အရင်ပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုလူငယ်ညီလာခံ ကျင်းပမည့်ရက်ကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပေးသွားမည်ဖြစ်
ကြောင်း သိရသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ (၂၅) နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို
 ၂ဝ၁၃ ခုနှစ် မတ် ၈ ရက်မှ ၁ဝ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

EMG