Wednesday, January 29, 2014

သံဃာတွေက ရွေးကောက်ပွဲတွေမှာ ဘယ်ပါတီ မဲထည့်ပါ၊ ဟိုပါတီ မဲမထည့်ပါလို့  ဘယ်တော့မှ မပြောနဲ့ 

၂၀၁၄-၁-၂၉
မင်းတို့ မကြာမီ ရွေးကောက်ပွဲတွေ ဘာတွေ လုပ်လိမ့်မယ်၊ အဲဒီတော့ ရွေးကောက်ပွဲလုပ်တာ
 သူတို့ဟာ သူတို့ လုပ်တာ၊ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး၊ ဘယ်ပါတီ မဲထည့်ပါ၊ ဟိုပါတီ မဲထည့်ပါ၊
အဲသလို စသည်ဖြင့် ဘယ်တော့မှ မပြောနဲ့၊ နိုင်ငံရေး မလုပ်ရဘူးလို့ မဆိုဘူး၊နိုင်ငံရေးက လုပ်ကို လုပ်ရမယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာ တစ်ဖက်သတ် လုပ်လို့မရဘူး၊ ဒါကြောင့်မို့လို့ တစ်ဖက်သတ်အနေနဲ့ ဘယ်ပါတီ မဲထည့်ပါ စသည်ဖြင့် မင်းတို့ တောရွာတွေမှာလည်း ဘယ်တော့မှ မပြောနဲ့။

ပြီးတော့ များသောအားဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတို့ ဘာတို့မှာ ဒို့ဗမာပြည်က ရန်ဖြစ်တတ်တယ်၊ လူသတ်မှုတွေ ဘာတွေ ဖြစ်တတ်တယ်၊ မင်းတို့ အရင်လဲ ပြောပြီးပြီ၊
မင်းလှ လေးလောင်းပြိုင်တူ၊ အဲဒါတွေ ရှိတယ်၊ ဒီတော့ ဒါမျိုးတွေ မဖြစ်အောင် ကိုယ့်ရွာကို တားပါ။ ကိုယ့်ရွာက ဒကာဒကာမတွေကို ရန်မဖြစ်ကြနဲ့၊ မဲရွေးပွဲနဲ့ ပတ်သတ်ပြီး ရန်မဖြစ်နဲ့၊ ညီညီညွတ်ညွတ် ကိုယ်ကြိုက်တဲ့ ပါတီ ကိုယ့်ဟာကို မဲပေးကြ စသည်ဖြင့် အဲသလို အသိညာဏ်ပေးပါ။ ရန်ဖြစ်တဲ့အထဲ ကိုယ်မပါပါနဲ့။

ဘုန်းကြီးဆိုတာ ရန်ဖြစ်ရတဲ့ အမျိုးမဟုတ်ဘူး၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အကာအကွယ် ပေးရမယ်၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ငြိမ်းချမ်းသွားအောင် လုပ်ရတဲ့ လူတန်းစားထဲ ရောက်သွားပြီ၊ အဲဒါ ကိုယ့်အဆင့်အတန်းကို အမြဲတမ်း မှတ်ထား။

ဒို့က ကိုယ်တိုင် ရန်ပွဲထဲ ပါဘို့ မဟုတ်ဘူး၊ ရန်ပွဲတွေကို ငြိမ်းအောင် လုပ်ပေးရမယ့် တာဝန်သာ ရှိတယ်၊ အဲဒီ ကိုယ့်တာဝန်ကိုလည်းပဲ အမြဲတမ်း မှတ်ပြီးတော့ထားပါ။

---------------------------------------------
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်ဘုရားကြီး
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓ)
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့