Friday, January 31, 2014

ခေါင်းဆောင်ကောင်းကို ကောင်းကောင်းအသုံးချကြပါ (နေဘုန်းလတ်)

၂၀၁၄-၁-၃၁
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ဒီမိုကရက်တစ်အင်အားစုတွေဘက်က ပြင်မလား အသစ်ရေးမလားဆိုတဲ့ ဝိဝါဒကွဲပြားမှုတွေအဆုံးသတ်ပြီး ပြင်ဆင်မယ်ဆိုတဲ့ မူကျသွားပြီးတဲ့နောက်မှာ
တပ်မတော်ဘက် ကရော၊ ကြံ့ဖွံ့ဘက်ကပါ ပြင်သင့်တယ်၊ ပြင်မယ်ဆိုတဲ့ အသံတွေဆက်ထွက်
လာတဲ့အတွက် ... ၂၀၁၅ မတိုင်မီမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ဖြစ်မယ်လို့တော့ မျှော်လင့်နိုင်လာတဲ့ အနေအထားတစ်ခုကို ရောက်လာပြီ လို့ ဆိုနိုင်ပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ရဲ့ ကျေနပ်စရာကောင်းတဲ့ အဆုံးသတ်လေးပါပဲ။ ဒါပေမယ့် ... ဘယ်လိုပြင်မလဲ၊ ဘာတွေပြင်မလဲဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ အားစမ်းမှုတွေ ကို ၂၀၁၄ ရဲ့ အစမှ ကျနော်တို့အားလုံး မြင်တွေ့ကြရဦးမှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဘယ်လိုပြင်မလဲဆိုတဲ့ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ လေးပွင့်ဆိုင်တွေ့
ဆုံပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို ဆွေးနွေးချင်တယ်လို့ တောင်းဆိုထားခြင်းကို ငြင်းထားတာတွေ၊ အချိန်ဆိုင်းထားတာတွေ တွေ့ရပါတယ်။ အဲဒီ့ ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုတဲ့ လမ်းကြောင်းကို လွှတ်တော်ထဲက ကိုယ်စားလှယ်အချို့နဲ့ အခြားသော နိုင်ငံရေးပါတီတွေ က လက်မခံနိုင်ဘူးဆိုတဲ့ အသံတွေလဲ ကြားလာရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ထဲကနေပဲ ပြင်မယ်၊ ဒါမှမဟုတ်ရင်လဲ ဆွေးနွေးပွဲမှာ လေးပွင့်ဆိုင်ချည်းမဟုတ်ပဲ အခြား နိုင်ငံရေးပါတီတွေကိုလည်း နေရာပေးသင့်တယ် စတဲ့ လမ်းကြောင်းတွေကို ပြောဆိုဆွေးနွေးလာကြပါတယ်။ အဲဒီ့တော့ အခြေအ
aနက ဖွဲ့စည်းပုံကို ဘယ်လိုပြင်ကြမလဲဆိုတဲ့ ကိစ္စမှာ ဝိဝါဒတွေ ကွဲပြားနေတုန်းပဲဆိုတာ မြင်သာပါ
တယ်။ လွှတ်တော်ထဲကနေ ပြင်မယ်လို့ စဉ်းစားတဲ့ စဉ်းစားပုံဟာ မူအရမှန် တယ်လို့ဆိုပေမယ့် ဖြစ်နိုင်ချေရှိခြင်း မရှိခြင်းကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ အခြားသော ပါတီတွေ၊ ကြံ့ဖွံ့ပါတီ နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်
တွေ အားလုံးရဲ့ ထောက်ခံမှုတွေရဖို့ ဆွေးနွေးငြင်းခုံနေရင်းနဲ့ အချိန်တွေမလိုအပ်ပဲ ကုန်နေတာမျိုး၊ ပြင်ဆင်သင့်သဘောက် မပြင်နိုင်တာမျိုးတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ လွှတ်တော်အတွင်းမှာပဲရှိတယ်လို့ ထင်ရင် မှားပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ လွှတ်တော်နိုင်ငံရေး အားကောင်းမောင်းသန် မဖြစ်သေးတာကြောင့် လွှတ်တော်တွင်းနိုင်ငံရေးကို ပြင်ပနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ အားဖြည့်ပေးနိုင်ဖို့ လိုအပ်နေသေးတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ အဲဒီ့အရှိတရားကို အားလုံး နားလည်ထားကြဖို့လိုမယ်ထင်ပါတယ်။ အခုလို ... ဖွဲ့စည်းပုံပြင်ရမယ်လို့ အားလုံးရဲ့ စိတ်ထဲဖြစ်လာတာဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေဟာ လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားတွန်းအားပေးခဲ့ကြလို့ပဲဖြစ်ပါတယ်။ ကျနော်အယူအဆအရတော့ ... ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်အတွင်းမှာ အဆင်ပြေပြေ ချောချောမောမော လုပ်နိုင်ဖို့ အပြင်မှာလည်း ဒေါ်အောင်ဆန်းစုကြည်တောင်းဆိုထားတဲ့ ဒိုင်ယာ
လော့မျိုး ရှိဖို့လိုမယ်လို့ထင်ပါတယ်။


ဘာတွေပြင်မလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်တဲ့ ငြင်းခုံမှုတွေ၊ အားစမ်းမှုတွေကတော့ ဘယ်လိုပြင်မလဲဆိုတဲ့ ကိစ္စထက်ပိုပြီး ကျယ်လောင်ပြင်းထန်မယ်ဆိုတာ အသေအချာပါပဲ။ အခုတောင် မီဒီယာတွေအပေါ်မှာ တော်တော်လေးကို လှုပ်လှုပ်ရှားရှား ဖြစ်နေပါပြီ။ လူပြောအများဆုံးကတော့ နိုင်ငံတော် အကြီးအကဲ သမ္မတဖြစ်ခွင့်အရည်အချင်းတွေကို ကန့်သတ်ထားတဲ့ အခန်း(၃) ပုဒ်မ ၅၉(စ) ပဲဖြစ်ပါတယ်။ ပုဒ်မ
 ၅၉(စ) မှာ သမ္မတဖြစ်လိုသူဟာ မြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်သလို၊ သူ့ရဲ့ မိဘ၊ ဇနီးခင်ပွန်း၊ သားသမီး၊ သမက်ချွေးမ အားလုံးဟာလည်း အခြားနိုင်ငံသားမဖြစ်စေရပဲ မြန်မာနိုင်ငံသားပဲဖြစ်ရမယ်လို့ ဖော်ပြ ပါရှိပါတယ်။ အဲဒီ့တော့ လက်ရှိ ပုဒ်မ ၅၉(စ) အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်လာနိုင်စရာ
အကြောင်း မရှိတဲ့အတွက် သူမကို သမ္မတဖြစ်စေချင်ကြတဲ့ ပြည်သူလူထုအများစုက အဲဒီ့ပုဒ်မကို ပြင်စေချင်ကြပြီး ... အချို့အချို့သော သူတွေကလည်း အကြောင်းအမျိုးမျိုးပြပြီး ၅၉(စ) ကို မပြင်စေချင်ကြတာတွေကို တွေ့လာရပါတယ်။ မပြင်စေချင်ကြသူတွေ ပေးတဲ့ အကြောင်းပြချက်တွေ
ထဲမှာ အပြောအများဆုံး အကြောင်းပြချက်ကတော့ အခြားနိုင်ငံတစ်နိုင်ငံကို သစ္စာစောင့်သိနေတဲ့ အခြားနိုင်ငံသားတွေနဲ့ ပတ်သက်နေတဲ့သူတစ်ယောက် သမ္မတဖြစ်လာမယ်ဆိုရင် နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက်တဲ့ အလုပ်တွေလုပ်လာနိုင်ပြီး နိုင်ငံကို အန္တရာယ်ပြုလာနိုင်တာကြောင့် လို့ ဆိုကြပါတယ်။ သိပ်မကြာသေးခင် အချိန်ကပဲ ကြံ့ဖွံ့က ဖွဲ့စည်းပုံမှာ ပြင်ဆင်သင့်တဲ့အချက်တွေကို ဖွင့်ထုတ်ပြလိုက်တဲ့အထဲမှာ ပုဒ်မ ၅၉(စ) ကိုပြင်သင့်တယ်လို့ ဆိုပေမယ့် ... ဇနီးခင်ပွန်း၊ သမက်ချွေးမ
က နိုင်ငံသားမဟုတ်ရင်နေပါ သားသမီးတွေကတော့ နိုင်ငံသားဖြစ်ရမယ်လို့ ဆိုလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ချင်တယ်ဆိုရင် သူ့သားနှစ်ယောက်ကို မြန်မာနိုင်ငံသားခံ
ယူဖို့ စည်းရုံးပေါ့ လို့လဲ ပြောလာပါတယ်။ ဒါကတော့ ပုဒ်မ ၅၉(စ)နဲ့ပတ်သက်လို့ ကြားနေရတဲ့ စကားသံတွေကို ချရေးကြည့်တာပါ။ ဒီနေရာမှာ ကျနော့်ရဲ့ အမြင်ကို နည်းနည်းတော့ ထည့်ဆွေးနွေး ချင်ပါသေးတယ်။ ကျနော့်အယူအဆအရတော့ သမ္မတဖြစ်ချင်တဲ့သူဟာ သူကိုယ်တိုင် မြန်မာနိုင်ငံသား ဖြစ်ရုံနဲ့တင် လုံလောက်ပြီလို့ထင်ပါတယ်။ မိဘတွေပဲဖြစ်ဖြစ်၊ ဇနီးခင်ပွန်းပဲဖြစ်ဖြစ်၊ သားသမီးပဲဖြစ်ဖြစ်၊ သမက်ချွေးမပဲဖြစ်ဖြစ် သူတို့ဟာ ကိုယ်နဲ့သက်ဆိုင်တယ်ဆိုပေမယ့် ကိုယ်ပိုင်တဲ့သူတွေမဟုတ်ပါဘူး။
 ငါ သမ္မတဖြစ်ခွင့်ရအောင် နင်တို့တွေ အခြားနိုင်ငံသားနဲ့ မယူရဘူး၊ အခြားနိုင်ငံသားမကူးပြောင်းရဘူး ဆိုတာမျိုးလုပ်မယ် ဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သွားပါပြီ။ နောက်တစ်ခု ထပ်ပြော ချင်တာက ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်းရှိတဲ့ ၊ ပြည်သူလူထု ချစ်မြတ်နိုးတဲ့၊ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် မြန်မာနိုင်ငံမှာ သမ္မတဖြစ်သွားမယ်ဆိုရင် တိုင်းပြည်အတွက် ဘာတွေ အမြတ်ထွက်လာမလဲ၊ ဘာတွေအရှုံးပေါ်နိုင်မလဲ ဆိုတာလေးကို ရိုးရိုးလေး
ပဲ ဈေးတွက် တွက်ကြည့်ကြစေချင်ပါတယ်။ ပုဂ္ဂိုလ်ရေးဆန်တယ်လို့ ပြောချင်လဲ ပြောပါ ... ကျနော်ကတော့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး၊ တိုင်းပြည်အတွက် အသုံးချခံရမယ်ဆိုလဲ ခံမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးရှိတဲ့ခေါင်းဆောင်မျိုးကို နိုင်ငံ့ခေါင်းဆောင်၊ နိုင့်ငံ့အကြီးအကဲဖြစ်စေချင်ပါတယ်။ ဖြစ်လဲဖြစ်သင့်ပါတယ်။ ကျနော်တို့ တိုင်းပြည်ဟာ ခေါင်းဆောင်ကောင်းတွေ ပေါ်လေ့ပေါ်ထရှိပေမယ့်  ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းနဲ့ အစွမ်းအစကို အပြည့်အဝထုတ်သုံးလိုက်ရတဲ့ အခွင့်အရေးမျိုးကိုတော့ ဘယ်တုန်းကမှ မရခဲ့ပါဘူး။ ရတောင့်ရခဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်ကောင်းတစ်ယောက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိနေချိန်မှာ သူ့ရဲ့ အရည်အချင်းတွေ အစွမ်းအစတွေ ပါဝါတွေကို တိုင်းပြည်ကောင်းစားရေးအတွက် အကောင်းဆုံးအသုံးချနိုင်ဖို့လိုအပ်ပါ
တယ်။
ပုဒ်မ ၅၉(စ)ကို နိုင်ငံတော်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့နဲ့ တိုင်းတပါးသားတွေနိုင်ငံတော်ကို အန္တရယ်မပြုနိုင်ဖို့ မပြင်ပဲ ဒီအတိုင်းထားသင့်တယ်လို့ ပြောနေကြတဲ့သူတွေကို ပြောချင်တာ နောက်တစ်ခုရှိပါသေးတယ်။ တိုင်းပြည်ကို အန္တရယ်ပြုမယ့်သူ ဟုတ်မဟုတ်ဆိုတာကို ဖွဲ့စည်းပုံက မဖြစ်မနေကန့်သတ်ပေးဖို့လိုရဲ့လားဆိုတာပါ။ သူများနိုင်ငံသားမှ မဟုတ်ပါဘူး ... စိတ်ဓါတ်မမှန်ရင် ကိုယ့်နိုင်ငံသားထဲကကိုပဲ တိုင်းပြည်ကို ဒုက္ခပေးနိုင်ပါတယ်။ သူများနိုင်ငံသားမဟုတ်ပဲ ကိုယ့်နိုင်ငံသား အချင်းချင်း ပေးခဲ့တဲ့ ဒုက္ခတွေကို ကျနော်တို့နိုင်ငံသားတွေ နှစ်ပေါင်းများစွာခံခဲ့ကြရပြီးပါပြီ။ နောက်တစ်ခုက သမ္မတတစ်ယောက်ဖြစ်ဖို့ဆိုတာဟာ ... ပြည်ထောင်စုလွှတ်တော်ကိုဖြတ်သန်းပြီးမှ ဖြစ်ရတာပါ။ ပြည်ထောင်စုလွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ ရာခိုင်နှုန်းကိုလည်း ပြည်သူလူထုက ရွေးချယ်ပေးရတာပါ။ ပြီးတော့ တိုင်းပြည်နဲ့လူထုကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေကလည်း လွှတ်တော်ထဲမှာ ၂၅ရာခိုင်နှုန်းရှိနေပါသေးတယ်။ တိုင်းပြည်
ကို အန္တရာယ်ပေးနိုင်တဲ့သူမျိုးကို သမ္မတဖြစ်ခွင့်ပေးတယ် ဆိုရင် အဲဒီ့သမ္မတကို ရွေးပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးနဲ့ အဲ့ဒီ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးပေးလိုက်တဲ့ ပြည်သူတွေအားလုံး တော်တော်ညံ့တယ်လို့ ပြောရမှာဖြစ်သလို ... လွှတ်တော်ထဲမှာရှိနေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေလဲ တော်တော်ညံ့ကြလို့သာဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ပြည်သူ
တွေနဲ့ ကျနော်တို့ရဲ့ တပ်မတော်သားတွေ အဲဒီ့လောက် မညံ့ဘူးလို့ကျနော်ထင်ပါတယ်။ ကျနော်တို့ ဆုံးဖြတ်နိုင်ပါတယ် ...။ အခုလဲ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်ကြတယ် ဆိုတာဟာ ပြည်သူလူထုအနေနဲ့ သူမဟာ တိုင်းပြည်ဒုက္ခရောက်အောင်၊ တိုင်းပြည် အန္တရာယ်ဖြစ်အောင် ဘယ်
တော့မှ လုပ်မှာမဟုတ်ဘူးလို့ ရင်ထဲအသဲထဲက ယုံကြည်ကြလို့ပါ။
ဖွဲ့စည်းပုံထဲက ပြုရပြင်ရမှာတွေနဲ့ပတ်သက်ပြီး အများကြီးပြောစရာရှိသေးပေမယ့် အခုတော့ ၅၉(စ)
ကိုပဲ အထူးပြုပြောပါရစေ။ တိုင်းပြည်အတွက် အသုံးဝင်မယ့်၊ အသုံးကျမယ့် တိုင်းပြည်ရဲ့ရတနာတွေ၊ တိုင်းပြည်ရဲ့ ပါဝါတွေကို တိုင်းပြည်ကောင်းစားရေးအတွက် လူမှန်နေရာမှန်ထားပြီး အသုံးချတတ်ကြဖို့
လိုပါတယ်။ လူတော်တွေကို နေရာမပေးပဲ ဘေးဖယ်ထားကြပြီး အရာရာ ငါတို့သိတယ် ငါတို့တတ်တယ်လုပ်ခဲ့ကြတဲ့အတွက် တိုင်းပြည်လဲ နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ပြီးပါပြီ။
 အဲဒီ့တော့ အချိန်မနှောင်းခင်မှာ... ဖွဲ့စည်းပုံထဲက ပုဒ်မ ၅၉(စ) ကို အကြွင်းမဲ့ဖြုတ်ပယ်ပြီး ... ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စွမ်းအားတွေကို တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကျိုးရှိအောင် အသုံးချကြပါလို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။

နေဘုန်းလတ်