Tuesday, May 15, 2012

ပုံနှိပ်မီဒီယာဥပဒေသစ်မလာမီ Press Council က စာပေစိစစ်ရေး အစားလုပ်ငန်းတာဝန်အချို့ လုပ်ပေးရန် ရည်ရွယ်

မေလ ၁၅ ရက်၊ ၂၀၁၂ ခုနှစ်
ဟံသာ (YPI)

အသစ်ရေးဆွဲနေသည့် ပုံနှိပ်သတင်းမီဒီယာဥပဒေမထွက်ပေါ်လာမီ စာပေစိစစ်ရေးဖျက်သိမ်းလိုက်ပါက Press Council အနေဖြင့် စာပေစိစစ်ရေး၏ လုပ်ငန်းတာ ၀န်များကိုလုပ်ဆောင်ရမည့် အနေအထားတွင် ရှိနေကြောင်း  Press Council ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် မီဒီယာအဖွဲ့အစည်းများ၏ ပြောဆိုချက် များအရသိရသည်။

"သူတို့ကစိစစ်ရေးဖျက်လိုက်မယ်လို့ ပြောတယ် ပါတဲ့အချက်အလက်တွေက Press Council က
စာပေစိစစ်ရေးလုပ်ငန်းတွေ လုပ်ပေးရမယ့် သဘောရှိတယ် "ဟု မြန်မာ စာနယ်ဇင်း သမဂဖြစ်မြောက်ရေး ကော်မတီ MJU မှ ဦးဇော်သက်ထွေးက ပြောသည်။

Press Council (စာနယ်ဇင်းကောင်စီ) ကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် လာမည့် ဇွန်လတွင် ပထမဆုံးအကြိမ် ဖွဲ့စည်းမည်ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း
က ထုတ်ဖေါ်ပြောဆိုထားသည်။

ယခုကဲ့သို့ Press Council ဖွဲ့စည်းမည့် ကိစ္စနှင့်ပတ်သတ်၍  ရိုက်တာသတင်းထောက် ဦးသူရိန်လှိုင်ကမူ " စာနယ်ဇင်း ကောင်စီဆိုတာ ဖြန်ဖြေစေ့စပ်ပေးတာ ၊စာနယ်ဇင်းကောင်စီဆိုပြီး ခေတ်သစ်စာပေစိစစ်ရေး လုပ်ရင်တော့ အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ဆန့်ကျင်တာပဲဖြစ်လိမ့်မယ် "ဟုဆိုသည်။

စာနယ်ဇင်း ကောင်စီဖွဲ့စည်းသည့်အခါ ပုံနှိပ်မီဒီယာဥပဒေသစ်မပြဌာန်းမီ စာနယ်ဇင်းများ၏ စည်းကမ်းဖောက်ဖျက်မှု များနှင့်ပတ်သက်၍ စာနယ်ဇင်းကောင်စီမှ ဖြေရှင်း ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများဟု ဖေါ်ပြထားသည့် စာထဲတွင် အောက်ပါအချက်အချို့ပါရှိနေသည်ကိုတွေ့ရှိရသည်။

ယင်းတို့မှာ "လက်ရှိပြဌာန်းထားဆဲဖြစ်သည့် ၁၉၆၂ ခုနှစ်၊ပုံနှိပ် သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့်သတ်မှတ်ထားသော စာပေစိစစ်ရေးမူ(၁၂) ချက်နှင့်အညီ ရေးသားပုံနှိပ်၊ ထုတ်ဝေ၊ဖြန့် ချိရေးအတွက် စာနယ်ဇင်း မျးအားစိစစ်ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ရန်" နှင့်

"စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ရေးသား၊ ပုံနှိပ်ထုတ်ဝေ ခြင်းမရှိသော စာနယ်ဇင်းများနှင့် စာနယ်ဇင်းသမားတို့အား ကျင့်ဝတ်လိုက်နာရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန် ၊စာနယ်ဇင်းနှင့် ဌာနဆိုင်ရာ အဖွဲ့ အစည်းများ အကြား အငြင်းပွားမှုများ ညှိုနှိုင်းဆောင်ရွက်ပေးရန် နှင့် ထုတ်ဝေသူ မှတ်ပုံတင်သက်သေခံ လက်မှတ်များအား အချိန်မှီသက်တမ်းတိုးဆောင်ရွက်ဖို့ အတွက်လည်း နှိုးဆော်ပေးရန်တို့ ပါရှိသည်။

ထို့သို့ဖွဲ့စည်းရာတွင်  သတင်းမီဒီယာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရန်နှင့်  တာဝန်ယူမှုများ ရှိစေရန် အတွက် လက်ရှိသတင်း မီဒီယာအဖွဲ့အစည်းများဖြစ်သည့် Myanmar Journalist Network(MJN)၊ Myanmar Journalist Association(MJA)၊ Myanmar Journalist Union (MJU) အသင်း သုံးသင်း အား ကောင်စီဖွဲ့စည်းရာတွင် အကြံညဏ်များပေးရန်နှင့် အသင်းတသင်းစီမှ ကိုယ်စားလှယ် ခြောက်ဦး
စီ ပါဝင်ရန် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက ဖိတ်ခေါ်ထားသည်။


ထို့အပြင် Press Council တရားဝင်ဖွဲ့စည်းပြီးပါက ဘာသာရေးနှင့် သတင်းဦးစားပေးစာစောင်များ
ကိုလည်း ထုတ်တင်စနစ် (စာစောင်ထုတ်ဝေပြီးနောက် စာပေစိစစ်ရေးသို့ စိစစ်ရန် တင်ပြခြင်းစနစ်)   ဖြင့်ခွင့်ပြုသွားမည်ဟုလည်း ယမန်နေ့က အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ၀န်ကြီးကပြောဆိုသည်။

MJN အနေဖြင့် Press Council ထဲတွင် အဖွဲ့ဝင် ၆ ဦးပါဝင်မည် မပါဝင်မည်ကို မနက်ဖြန်တွင် အစည်းအဝေးတခု ပြုလုပ်ပြီး အဖွဲ့ဝင်အားလုံးဧ။်သဘောထားကို တောင်းခံ၍ ဆုံးဖြတ်သွားမည်ဟု MJN မှအမှု ဆောင်အဖွဲ့ဝင် ဦးဇော်ထိုက်ကပြောသည်။

"မီဒီယာသမားအနေနဲ့ ဒီPress Council ကို အရမ်းစိတ်ဝင်စားပါတယ် ဒါပေမဲ့ ပထမအချက်က
လုပ်ဆာင် ချက်အချို့စိစစ်ရေးနဲ့ နည်းနည်းတူနေတဲ့ အချက်ရှိမယ်၊ နောက်ဝင်လိုက်ရင်ရော လုပ်ပိုင်ခွင့်ရှိလားမရှိလား ပေါ့ အဲဒါကိုစဉ်းစားနေတာပါ၊ ကျွန်တော်တို့မနက်ဖြန် အစည်းအဝေး လုပ်ပြီးဆုံးဖြတ်မှာပါ" ဟု ၎င်းကပြောသည်။

ဖွဲ့စည်းမည့် မြန်မာ နိုင်ငံအမျိုးသားစာနယ်ဇင်းကောင်စီဧ။်လုပ်ပိုင်ခွင့်များတွင် စာနယ်ဇင်း အဆင့် အတန်းမြှင့်တင်ရေး နှင့်လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားနိုင်ငံရေးကို   ရှေ့ရှုသည့် သင်တန်းများ ၊ကျောင်းများ ထူထောင်ဆောင်ရွက်ခြင်း၊နိုင်ငံတကာမှ စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုသည့် ရည်ရွယ်ချက်များလည်း ဖေါ်ပြပါရှိသည်။    

စာပေစိစစ်ရေး နှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ဋ္ဌာနကို ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့ကာ နှစ်ပေါင်း ၅၀ နီးပါး မြန်မာနိုင်ငံတွင်း စာအုပ် စာစောင် ထုတ်ဝေမှုအားလုံး မှတ်ပုံတင်ဖို့ မထုတ်ဝေမီတင်ပြဖို့ ဥပဒေဖြင့် ကြပ်မတ်ဆောင်ရွက်ခဲ့သည့် အဖွဲ့
အစည်း တခုဖြစ်သည်။