သိုးဖြူရေးသားသည်။
မေ ၂၁၊ ၂၀၁၂ (YPI)
သူတို့သွားလေရာကိုယူသွားတတ်တဲ့ MP3၊ MP4 တွေဟာ သူတို့အတွက် ဖျော်ဖြေရေးဆိုတာထက် အဖြစ်အပျက် သတင်းအချက်အလက်တွေကို မှတ်တမ်းတင်ဖို့အတွက် အများဆုံးအသုံးချဖြစ်ကြတယ်။
“ သီချင်းအမြဲဖွင့်ထားမယ့်အစား recording ဖွင့်ထား တာက ပိုအကျိုးရှိမယ်” လို့ မြောင်းမြမြို့နယ်၊ ညောင်တောစုကျေးရွာသား ကိုထွန်းထွန်း(၂၈ နှစ်)ကပြောတယ်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျေးရွာအာဏာပိုင်တွေက ရွာသားတွေကို လမ်းခင်းဖို့ အတင်းအဓမ္မ ခြိမ်းခြောက်လုပ်အားပေးစေခိုင်းခဲ့ပါတယ်။ တစ်နေ့လုပ်တစ်နေ့စား ရွာသားတွေအတွက်တော့ မိသားစုစားဝတ်နေရေးအခက်တွေ့ခဲ့ကြရတာပေါ့။
ကိုထွန်းထွန်းကိုယ်တိုင်လည်း မြွေပေါတဲ့ ခရာဆူးခြုံတွေထဲကို ၀င်ရောက်ရှင်းလင်းပေးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်တွေကပဲ ရပ်ရွာမှာဖြစ်ပျက်နေတဲ့ မတရားမှုတွေကို သတင်းမှတ်တမ်းယူဖြစ်ဖို့ သူ့ကို စေ့ဆော်ခဲ့တယ်လို့ဆိုပါတယ်။
“ ကျွန်တော်ဆိုရင် လက်ဖ၀ါးတွေပေါက်သွားတဲ့အထိ မြေကြီးတူးခဲ့ရတာ။ အခုအချိန်မှာ ဒါတွေကို
သက်သေပြစရာကျွန်တော့်မှာမရှိဘူး၊ ဒါကြောင့် အခုတော့ ဒီလိုအဖြစ်အပျက်တိုင်းကို မှတ်တမ်းယူထားတယ်” လို့ ကိုထွန်းထွန်းက ဘာကြောင့် သတင်းထောက်တဲ့ပြည်သူ ဖြစ်ချင်ရတယ်ဆိုတာပြောပြတယ်။
ကိုထွန်းထွန်းရဲ့စည်းရုံးမှုကြောင့် မြောင်းမြမြို့နယ်ထဲမှာ လူငယ်နှစ်ရာကျော်လောက်က သေးငယ်ပေါ့ပါးပြီး အသုံးတွင်ကျယ်လှတဲ့ အဲသည့်အီလက်ထရောနစ်ပစ္စည်းလေးတွေရဲ့ ထိရောက်မှုကို ကောင်းကောင်းနားလည်သဘောပေါက်ပြီး ယနေ့ချိန်ခါမှာတော့ သတင်းမှတ်တမ်းယူဖို့အတွက် တွင်တွက်ကျယ်ကျယ်လည်း အသုံးချနေကြပါပြီ။
နိုင်ငံတစ်နိုင်မှာ အရေးကြီးတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့မဏ္ဍိုင်ကြီးတွေလိုပဲအရေးပါတဲ့ သတင်းမီဒီယာကဏ္ဍဖြစ်တဲ့ စတုတ္ထမဏ္ဍိုင်အားကောင်းဖို့ သတင်းလွတ်လပ်ခွင့်နဲ့ အချင်းချင်းအပြန်အလှန် ထိန်းညှိမှုတွေလုပ်ဆောင်နိုင်ဖို့အတွက် လွတ်လပ်စွာဖော်ထုတ်ရေးသားနိုင်အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက သတင်းမီဒီယာကို စိတ်ဝင်စားတဲ့ ပြည်သူတွေရိုက်ကူးထားတဲ့ ဓါတ်ပုံနဲ့ ရုပ်ရှင်မှတ်တမ်းတွေကို ပြည်ပအခြေစိုက်မီဒီယာတွေမှာ တွေ့မြင်ခဲ့ရပြီးနောက်ပိုင်း သတင်းထောက်တဲ့ပြည်သူတွေ ပိုမိုတွေ့မြင်လာရပါတယ်။
ယခုနောက်ဆုံးကျင်းပခဲ့တဲ့ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း မဲမသမာမှုတွေနဲ့ မဲဆွယ်စည်းရုံးတဲ့သတင်းဓါတ်ပုံတွေကို မီဒီယာစိတ်ဝင်စားတဲ့ သာမန်ပြည်သူအချို့ကမှတ်တမ်းတင်ပြီး သူတို့ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ဖော်ပြလာကြပါတယ်။
ကိုထွန်းထွန်းကိုယ်တိုင်ကလည်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က မြောင်းမြမြို့နယ်က ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းကို မဲဆွယ်စည်းရုံးပေးခဲ့တာကို မှတ်တမ်းတင်ထားခဲ့ပါတယ်။
“ပြည်သူနဲ့တွေ့ဆုံပွဲပဲ။ ဒါပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အတူလာတယ်။ မသိမသာနဲ့မဲဆွယ်စကားတွေပြောသွားတယ်။ ဒါတွေကို မှတ်တမ်းဖြစ်နေဖို့အတွက် (ဗီဒီယို) ရိုက်ထားတယ်” လို့ ကိုထွန်းထွန်း သူ့ရဲ့ရည်ရွယ်ချက်ကိုပြောပြတယ်။
ဝန်ကြီချုပ်ပုံကိုအသုံးပြုထားပြီး ကြံ့ခိုင်ရေးပါတီကိုမဲထည့်ဖို့ စည်ရုံးလှုံ့ဆော်ပိုစတာတွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။
ကိုထွန်းထွန်းက သတင်းလုပ်ငန်းကိုစိတ်ဝင်စားပြီး သူနဲ့ပူးပေါင်းလာတဲ့လူငယ်တွေကိုလည်း သတင်းမှတ်တမ်းယူနည်းသတင်ပေးရင်းနဲ့ ယခုအချိန်မှာတော့ လူငယ်နှစ်ရာကျော်ကိုစည်းရုံးနိုင်ခဲ့တယ်။
မြောင်းမြမြို့နယ်၊ အစုကြီးကျေးရွာက အသက် ၂၀ အရွယ်ကိုထွဋ်မြင့်ဝင်းကလည်း ကိုထွန်းထွန်းနဲ့ တွေ့ဆုံပြီးနောက်ပိုင်း သတင်းမှတ်တမ်းယူရတဲ့အလုပ်ကို ပိုမိုစိတ်ဝင်စားလာခဲ့တယ်လို့ ဆိုပါတယ်။
“ ပြည်သူထဲမှာနေပြီး ပြည်သူတွေရဲ့ခံစားချက်တွေကို အခြား ပြည်သူတွေသိအောင် ဖော်ပြပေးချင်တယ်” ဟု ၎င်းရဲ့ ရည်ရွယ်ချက်ကိုဖွင့်ဟသည်။
သတင်းထောက်သင်တန်းတွေ စနစ်တကျ တက်ထားမဟုတ်ပေမယ့် ပြည်သူတစ်ဦးချင်းစီရဲ့လွတ်လပ်ခွင့်ကို မထိခိုက်စေဖို့လည်း ဂရုစိုက်ရကြောင်း ကိုထွန်းထွန်းကပြောပါတယ်။
“လူတစ်ဦးချင်းရဲ့ အခွင့်အရေးကိုတော့ မထိခိုက်စေရပါဘူး၊ ဒါပေမယ့် မှန်တာပြော၊ မှန်တာလုပ်ရင် မှတ်တမ်းတင်တာကို ခံရဲရမယ်” လို့ ကိုထွန်းထွန်းက သူ့အယူအဆကိုပြောပါတယ်။
ကိုထွန်းထွန်းဟာ NLD အောင်နိုင်ရေးတွေမှာ ၀င်ရောက် လုပ်ကိုင်ပေးနေပေမယ့် “ NLD မှားနေရင် မှားနေတယ်လို့ အများသိအောင် တင်ပြရမှာပဲ” လို့လည်း သူကပြောပါတယ် ။
ယခုလို မီဒီယာလုပ်ငန်းကိုစိတ်ဝင်စားလာတဲ့ လူငယ်တွေတက်ကြွစွာရှိနေကြပေမယ့် နည်းပညာနဲ့ အဆက်အသွယ်အားနည်းချက်တွေကြောင့် သူတို့ရဲ့ကြိုးပမ်းချက်တွေဟာ ကျယ်ပြန့်တဲ့သတင်းမီဒီယာတွေကို မရောက်ရှိနိုင်သေးဘဲ မှတ်တမ်းတွေအဖြစ်သာ ရှိနေသေးတယ်လို့ သူတို့က အားမလိုအားမရ ပြောကြပါတယ်။
ကမ္ဘာ့သတင်း မီဒီယာတွေဖြစ်တဲ့ BBC မှာ Have your say ကဏ္ဍနဲ့ CNN မှာဆိုရင် iReport ကဏ္ဍတွေမှာ Citizen Journalist လို့ခေါ်တဲ့ ပြည်သူသတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေအတွက် နေရာပေးထားပါတယ်။
မြန်မာနိုင်ငံမှာတော့ လူမှုကွန်ယက် အင်တာနက်စာမျက်နှာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်တွေကလွဲလို့ သီးခြားလွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ ပြည်သူသတင်းထောက်တွေရဲ့ လက်ရာတွေကို ပုံမှန်ဖော်ပြပေးဖို့ နေရာတွေလိုအပ်လျှက်ရှိနေပါသေးတယ်။ ။
