ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။
မြန်မာနိုင်ငံတွင်အင်္ဂလိပ်စာသင်ကြားမှု တိုးတက်ရေးအတွက် ဗြိတိသျှကောင်စီ(BC)က ဆက်လက် အကူအညီ ပေးသွားမည်ဖြစ်သလို ပညာရေးဝန်ကြီးဌာနအပါအ၀င် အခြားမိတ်ဖတ်အဖွဲ့အစည်း များဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီ စာအုပ်လှူဒါန်းပွဲက သိရသည်။
မေလ(၁၉)ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၌ ဗြိတသျှကောင်စီမှ မြန်မာနိုင်ငံပညာ
ရေး ၀န်ကြီးဌာနသို့ ကျပ်သိန်း(၄၀၀)၀န်းကျင်ရှိ အင်္ဂလိပ်စာသင်ကြားရေးဆိုင်ရာစာအုပ်နှင့် စီဒီအခွေများလှူဒါန်း ခဲ့သည်။
“အခုလို သင်ကြားရေးမှာ လိုအပ်တဲ့ စာအုပ်တွေ၊ စီဒီတွေ လက်ခံရရှိတာ ကျွန်တော့်အနေနဲ့ဝမ်း သာပါတယ်” ဟု မြန်မာနိုင်ငံပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးကြူကပြောသည်။
သင်ကြားရေးစာအုပ်များနှင့်စီဒီချပ်များအား မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနလက်အောက်ရှိတက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းပေါင်း(၅၅)ကျောင်းတွင် အသုံးပြုနိုင်ရန်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအင်္ဂလိပ်စာသင်ကြားရေးမှာ လိုအပ်နေတဲ့ စာအုပ်တွေ၊ စီဒီတွေရှိနေလို့ အခုလို့ လှူဒါန်းပေးတာပါ ” ဟု ဗြိတိသျှကောင်စီ မြန်မာနိုင်ငံညွှန်ကြားရေးမှူး Alan Smart က ပြောသည်။
လှူဒါန်းသောစာအုပ်နှင့် စီဒီအခွေများအား အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ကောလိပ် (၂၀)ခု၊ အခြေခံပညာ ဦးစီးဌာန လက်အောက်ရှိကျောင်း(၁၅)ကျောင်းနှင့် ပညာရေးကောလိပ်(၂၀)တို့တွင်အဓိကသုံးစွဲသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
