စည်သူနိုင်(မြစ်မခ)
မေ (၃၀)၊ရက်၊ ၂၀၁၂ ခုနှစ်။
ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်များစတင်ခဲ့ပြီးနောက် လျှပ်စစ်မီးကိုသာ အားကိုးလုပ်ကိုင်နေ ရသော အိမ်တွင်းအသေးစားစက်မှုလုပ်ငန်းအချို့ လုံးဝရပ်ဆိုင်းထားရကြောင်း သိရှိရသည်။
“စက်တွေက မီးလာတဲ့အချိန်မှာပဲ လည်ရသလိုဖြစ်နေတယ်။ မီးမလာတဲ့အချိန်ကျတော့ မီးစက်မောင်း ရင် လုပ်ငန်းက ဘယ်လိုမှ မကိုက်တော့ဘူး ။ အဲဒါနဲ့ လုံးဝရပ်ထားလိုက်တယ်” ဟု မြောက်ဥက္ကလာပမြို့ နယ်မှ အိမ်တွင်း ပလက်စတစ်ကော်စေ့လုပ်ငန်း လုပ်ကိုင်သူ ကိုကျော်လွင်ကပြောသည်။
အလုပ်သမားကိုနေ့စားခ ပေးရခြင်း၊ မီးစက်မောင်းရန်ဆီဖိုး ကုန်ကျခြင်းများနှင့် မကာမိသည့်အတွက် လုပ်ငန်း ရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း လက်ရှိတွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်နေသော ကိုကျော် လွင်က ဆက်ပြောသည်။
ရန်ကုန်မြို့တွင် အလှည့်ကျမီးပေးစနစ်အား မေလ ၁၉ ရက်နေ့တွင် စက်မှုဇုန်များကို ၂၄ နာရီ မီးဖျက်တောက် ခဲ့ပြီး မေလ ၂၁ ရက်နေ့မှစ၍ လူနေရပ်ကွက်များတွင်အလှည့်ကျစနစ်ဖြင့် အုပ်စုသုံးစုခွဲကာ ဓာတ်အားဖြန့်ဖြူး ပေးခဲ့ခြင်းဖြစ်သည်။
“မီးပုံမှန်ပြန်လာမယ့် အချိန်ကျမှပဲ အလုပ်ဖြစ်မှာ။ ဒီတိုင်းကတော့ အော်ဒါရှိပေမယ့် မလုပ်နိုင်ပါဘူး ” ဟု တောင်ဥက္ကလာပမြို့နယ်မှ အိမ်တွင်းအသေးစားစက်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောကြား သည်။
မေလ(၁၉) ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ်တွင် ရွှေလီ-မန်စံ ဓာတ်အားလိုင်းတာဝါတိုင်များ ဖောက်ခွဲဖျက်ဆီး ခံခဲ့ရသောကြောင့် အင်ဂျင်နီယာအဖွဲမှ သွားရောက်ပြုပြင်လျက်ရှိကြောင်း သိရသည်။ မီးပုံမှန်မရရှိ သောကြောင့် တပြည်လုံးအနှံ့ရှိ မြို့နယ်အများစုတွင် မီးရရှိရေး ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ဖြစ်ပေါ် လျက်ရှိသည်။