Thursday, May 17, 2012

စက်ရုံ(၃)ရုံက လုပ်သားတစ်ထောင်ကျော် အခြေခံလစာရရှိရေးအတွက် ဆန္ဒပြနေကြ




ရှုမ၀အောင်(မြစ်မခ)
မေ(၁၆)ရက်၊၂၀၁၂ခုနှစ်။

 လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံ (၃)ရုံမှ အလုပ်သမား တစ်ထောင့်သုံးရာကျော်က မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးတွင် အခြေခံလစာရရှိရေးအတွက် ဆန္ဒပြခဲကြောင်း သိရသည်။

 စံပယ်ပွင့်အထည်ချုပ်စက်ရုံမှာ တတိယနေ့အဖြစ် ဆန္ဒပြတောင်းဆိုခဲ့သလို ပုလဲအထည်ချုပ် စက်ရုံနှင့် နေမင်းအောင် အထည်ချုပ်စက်ရုံတို့က အလုပ်သမားများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။


 “နေမင်းအောင်စက်ရုံကပါ ကျွန်တော်တို့အခြေခံလစာမရှိပါဘူး နေ့ကြေးနဲ့ပဲရှင်းပေးတာပါ ကျွန်တော်တို့က အခြေခံလစာ သုံးသောင်း တောင်းဆိုတာပါ”ဟု အလုပ်သမားတစ်ဦးဖြစ်သူ ကိုရန်နိုင်ကပြောသည်။

 အဆိုပါ နေမင်းအောင်စက်ရုံတွင် အလုပ်သမား(၉၀၀)ကျော်ရှိပြီး အလုပ်သမား (၈၀၀)ကျော် ဆန္ဒပြတောင်း ဆိုခဲ့ခြင်းဖြစ်သည်။

 နေ့ကြေးအား ယခင်ကထက် ငါးဆယ်တိုးပေးကြောင်း ရှားပါးစရိတ်အား ယခုအခါတွင် ကျပ် ငါးထောင်ထပ်မံ တိုးပေးမည်ဟု   နေလင်းအောင်စက်ရုံပိုင်ရှင်က ပြောကြားမှုအပေါ် တိုးမြှင့်ပေးခဲ့သော်လည်း  အခြေခံလစာ ပေးမည်ဟု ပြောဆိုခြင်း မရှိသေးကြောင်း အလုပ်သမားများထံက စုံစမ်းသိရှိရသည်။

 “ပုဂ္ဂလိကစက်ရုံတွေအတွက် လုပ်လစာသတ်မှတ်ချက်မရှိတော့ ကျွန်တော်တို့လည်း မတတ်နိုင်ပါဘူး၊ ဥပဒေအရ တော့ ညှိုနှိုင်းပေးလို့ရပါတယ်”ဟု မရမ်းအလုပ်သမားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးစိုးဝင်း ကပြောသည်။

 စက်ရုံ(၃)ရုံလုံးမှ အလုပ်သမားများအနေဖြင့် ၄င်းတို့၏တောင်းဆိုချက်များကို လိုက်လျောပေးမှုမရှိသေးသဖြင့် အလုပ်သမားများက ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

အလုပ်သမားများသည် တလလျှင် နေ့ကြေး ရက်မှန်ကြေး အချိန်ပိုကြေး၊ ရှားပါးစရိတ်စုစုပေါင်း ကျပ် လေးသောင်း ၀န်းကျင်ခဲ့ ရရှိပြီးသော်လည်း စက်ရုံများက အခြေခံလစာ သတ်မှတ်ပေးခြင်းမရှိသဖြင့် အခြေခံ လစာရရှိရန် တောင်းဆို ဆန္ဒပြနေခြင်းဖြစ်သည်။


အဆိုပါ အလုပ်သမား တစ်ထောင်ကျော်မှာ အခြေခံလစာရရှိသည်အထိ ဆန္ဒပြတောင်းဆို သွားမည်ဖြစ် ကြောင်းကိုလည်း သိရှိရသည်။