နံမည်နှင့် မှတ်ပုံတင်နံပါတ်များ မှားယွင်းနေ
ဧပြီ ၁၊ ၂၀၁၂ (YPI)
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာတွင် NLD ထောက်ခံသူများ မဲစာရင်းတွင် မပါဝင်သောကြောင့် မဲပေးခွင့်မရရှိခဲ့ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့်လ ၇ ရက်နေ့ကတည်းက မဲစာရင်းထဲထည့်သွင်းနိုင်ရန် ကျေးရွာ ဥက္ကထံသို့ သွားရောက်စာရင်းပေးခဲ့သော်လည်း NLD ထောက်ခံသူ ၆၄ ဦးမှာ မဲစာရင်းထဲတွင် မပါဝင်ခဲ့ဟု ၎င်းကျေးရွာတွင် နေထိုင်သူ ဒေါ်စန်းစန်းမြင့်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မဲဆွယ်ခရီးစဉ်တွင် လိုက်ပါခဲ့သူများကို ကျေးရွာအာဏာပိုင်များ
က လိုက်လံမှတ်သားထားပြီး မဲစာရင်းတွင် ထည့်သွင်းထားခြင်းမရှိဟု ဒေသခံများကပြောသည်။
၎င်းကျေးရွာမှ မဲစာရင်းအမှတ် ၁၄၄၈ ဦးသန်းရွှေဆိုသူမှာ ၎င်းမဲပြားကို အခြားတစ်ယောက်မှထည့်သွားသောကြောင့် ၎င်းးမှာ မဲထည့်ခွင့်မရခဲ့ဟု YPI သို့ပြောသည်။
“ကျွန်တော်သွားတော့ ကျွန်တော့်ကိုယ်စားထည့်ပြီးသွားပြီလို့ပြောတယ်။ ဘယ်သူထည့်လဲမေးတော့ မဲရုံစာရေးတွေက လူတွေများနေလို့ ကျွန်မတို့လည်းမသိဘူးလို့ပြောတယ်။ ကျွန်တော်ကိုယ်တိုင်မဲပေးချင်လို့သွားတာ မဲမပေးခဲ့ရဘူး။ မကျေနပ်ဘူး” ဟု ဦးသန်းရွှေကပြောသည်။
NLD ထောက်ခံသူ ၎င်းကျေးရွာမှ မောင်နေလင်းဦးမှာ အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော်လည်း မဲပေးခွင့်ရှိသူစာရင်းတွင် မပါဝင်ခဲ့ဟု ၎င်းကိုယ်တိုင်ကပြောသည်။
မောင်နေလင်းဦးမှာ ၂၀၁၀ ခုနှစ်က ၁၈ နှစ်မပြည့်သေးသောကြောင့် မဲပေးခွင့်မရှိခဲ့သော်လည်း ယခု
တွင် ၁၈ နှစ်ပြည့်ပြီးဖြစ်သည်။ မဲစာရင်းများကို ၂၀၁၀ ခုနှစ်စာရင်းများကိုအခြေခံကောက် ထားသည်ဟုဆိုသော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခဲ့သူအချို့မှာ ယခုကြားဖြတ်ရွေးကောက်ပွဲတွင် မဲစာရင်းထဲမပါတော့ဟု ဒေသခံများကပြောသည်။ ။