Thursday, April 26, 2012

သုံးခွ ရေရှားမှု ပြဿနာ ကြာရှည်ဖွယ်ရှိ


ဧပြီ ၂၅၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)
မုတ္တမ ပင်လယ် ကမ်းစပ်အနီး ရှိ သုံးခွမြို့နယ် ကျေးရွာများ၏ သောက်ရေကန်များ ခမ်းခြောက်
မှုကြောင့် ကြုံတွေ့နေရသည့် ရေရှားမှု ပြဿနာမှာ ရက်သီတင်းပတ်အနည်းငယ် ဆက်လက် ကြာရှည်ဖွယ်ရှိသည်ဟု သွားရောက်လှူဒါန်းသူ များနှင့် မိုးလေ၀သပညာရှင် များကဆိုသည်။

ဧပြီလဆန်းပိုင်းမှ စ၍ ကြုံတွေ့ခဲ့ရသည့် သုံးခွသောက်သုံးရေပြဿနာ၏ အဓိကအကြောင်း
ရင်းမှာ သောက်ရေကန်များ ပုံမှန်ထက်စောလျင်စွာ ခမ်းခြောက် သွားခဲ့သည့် အတွက်ကြောင့်
ဖြစ်၍ ယင်းရေကန်များ ပြန်လည်ပြည့်ရန် ရာသီဥတုအခြေအနေအရ တလ၀န်း
ကျင် ကြာမြင့်ဦးမည်ဖြစ်ကြောင်း သောက်ရေများသွားရောက်လှူဒါန်း နေသည့်သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD )မှ အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်ဦးမျိုးတင့် ကပြောသည်။

“ပြီးခဲ့တဲ့နှစ်ကဆို မေလကျော်ကျော် မိုးရွာခါနီးလောက်မှရေကန်တွေ ရေခမ်းပြီး သောက်ရေရှား

တာလေ ၊ဒီနှစ်က အခုကစပြီး ရှားနေပြီးဆိုတော့ ရေပြသာနာကတော့ အနည်းဆုံးရက် ၂၀ ၀န်းကျင်လောက်တော့ ဆက်ရှိနေဦးမှာပဲ”ဟု ၎င်းကဆိုသည်။

မိုးလေ၀သနှင့်ဇလ ဗေဒ ညွှန်းကြားမှဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်၏ ပြောကြား

ချက်  အရဆိုလျှင် မြစ်ဝကျွန်းပေါ် ဒေသများဖြစ်သည့် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် 
လာမည့်မေလ ၂၂ ရက်မှသာ မုတ်သုန် စတင်ဝင်ရောက်မည် ဖြစ်သည့်အတွက် ရေပြဿနာမှာ ဆက်လက် ရှိနေဦးမည် သဘောရှိသည်ဟုဆိုသည်။

သို့သော်မုတ်သုန်မကျခင်ကြားကာလများတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ပြန်ကျမိုးများ ရွာသွန်းနိုင်သည်ဟု ၎င်းကခန့်မှန်းပြော ကြားသည်။

ယခုကဲ့သို့ ဒေသအချို့ လျင်မြန်စွာ ရေရှားပါးလာခြင်းနှင့်ပတ်သက်၍ “ဒီနှစ်က အပူချိန်လွန်    ကဲလို့ ရေရှားတာမဟုတ်ပါဘူး၊ဒီနှစ်ရန်ကန်ုအပူချိန်တွေက မနှစ်ကအပူချိန်ကိုမမှီသေးပါ ဘူး အဓိကကတော့ အခုနောက်ပိုင်း ရေသုံးစွဲတဲ့ လူဦးရေရော၊ လုပ်ငန်းတွေရော ပိုများလာလို့ပါ ၊ နောက်ဆို ရေပြဿနာက ဒီထက်ပိုကြုံလာရမှာပါ”ဟု ဦးချစ်ကျော်ကပြောသည်။

ထို့ကြောင့် သောက်သုံးရေနှင့်ပတ်သတ် ၍ ယခုအချိန်မှစပြီး ကြိုတင်ပြင်ဆင်သင့်သည်များကို   ပြင်ဆင်ထား သင့်ကြောင်း ၎င်းကဆက်ပြောသည်။

သုံးခွတွင် လက်ရှိသောက်သုံးရေး ပြဿနာကြုံတွေ့ နေရသော ရွာကြီးများမှာ အောင်ပန်း၊ ဓမ္မဓိက၊ အောင်သာတန်း၊ ထွန်းစိန်တင်၊ ခေမဇလာ၊ သာသာမြိုင်၊ မြိုင်ကြီးကျော်၊ ဘိသိတ်၊ မဟာမိတ်၊သြဘာ ညွှန့်၊ မင်းရွာအသင်း အစရှိသည့် ရွာမကြီးများဖြစ်ပြီး အဆိုပါရွာမကြီးမှာ ဖျာထွက်သွားသည့် ရွာငယ်လေး များလည်း သောက်ရေရှားပါးမှုပြသာနာများကြုံနေရသည်ဟု ဦးမျိုးတင့်ကဆိုသည်။
ယင်းကျေးရွာများ၏ လူဦးရေမှာ ရွာကြီးဆိုပါက လူဦးရေ အများဆုံး ၃ ထောင်ဝန်းကျင်ရှိသည်

ဟု သိရှိရသည်။

“သောက်ရေလိုအပ်နေတဲ့အနေအထားနဲ့ သွားလှူနေတဲ့အနေအထားက ဆင့်ပါးစပ်နှမ်းပက် သလိုဖြစ်နေတယ် ။ဒီထက်များများပိုလှူပေးနိုင်မှ အဆင်ပြေမယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် NLD မှတနေ့လျင် ကားသုံးစီး ၊ကားတစီးလျှင် ရေသန့်ဗူး ၁၅၀ ၀န်းကျင် ယူဆောင်၍သွားရောက် လှူဒါန်းနေကြောင်း နောက်ရက်မှစ၍ ကားလေးစီး ဖြင့်သွားရောက်

မည်ဖြစ်ပြီး အဆိုပါ ကျေးရွာများသို့ ရောက်ရှိရန် သုံးခွမြို့နယ်မှ ကားဖြင့်သွားလျင် နှစ်နာရီခွဲ
ဝန်းကျင် ခန့်ကြာသည်ဟုဆိုသည်။

“ကျွန်တော်တို့ပထမ တရက်သွားလှူတယ် နောက် အလှူငွေပြတ်သွားတော့ ကျွန်တော်တို့လည်း ရပ်သွားတယ် အခု အဖွဲ့ ချုပ် မှဒေါ်စုကိုယ်တိုင်ကလည်း ပံ့ပိုးပေးတယ် ၊တခြားအလှူရှင်တွေလည်း လှူလာတော့ ဆက်လှူနေပါတယ်”ဟုဆိုသည်။

အခြားအဖွဲ့အစည်းများမှလာရောက်လှူဒါန်းမှုများလည်း ရှိနေပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်

ဖွံ့ဖြိုးရေး ပါတီမှလည်း စက်ရေတွင်းအချို့ လိုက်တူးပေးနေသည်များရှိသည်ဟုဆိုသည်။

သုံးခွမြို့နယ်တွင် ယခုကဲ့သို့ သောက်ရေကန်များ သောက်ရေခမ်းခြောက်မှုကို နှစ်စဉ်ကြုံတွေ့

လျက်ရှိပြီး ယခုနှစ်တွင်စောစီးစွာ သောက်ရေပြဿနာရင်ဆိုင်ရခြင်းဖြစ်သည်။

ရွာသားများကသောက်ရေအတွက် လှူဒါန်းသူများထံမှ ရရှိကြပြီး သုံးရေအတွက်မူ ရေခမ်းခြောက်

သည့် ကန်များကို ထပ်မံတူးဖော် ၍ သုံးနေကြသည်ဟုဆိုသည်။

ကျေးရွာသားများကိုယ်တိုင် စက်ရေတွင်း အချို့ကိုလည်းတူးဖော်နေကြပြီး အလှူရှင်များ လက်လှမ်း မမီနိုင်ဘဲ သောက်ရေပြဿနာရင်ဆိုင် ကြုံတွေ့နေရသည့် ရွာများလည်း ရှိနေသေးသည်ဟု ဦး မျိုးတင့်ကဆိုသည်။ ။