Saturday, April 28, 2012

ပုဂ္ဂလိက အာမခံကုမ္ပဏီတည်ထောင်ဖို့ မတည်ငွေ ကျပ်သိန်းလေးသိန်းကျော် ပေးသွင်းဖို့လို

ဧပြီ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း-YPI

အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင်လုပ်ငန်းမတည်အရင်းအနှီး  
အဖြစ် ကျပ်သိန်းပေါင်း ၄၆၀၀၀၀ အား အစိုးရ ဘဏ်တစ်ခုခုသို့ ပေးသွင်းဖို့လိုအပ်ကြောင်း အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမင်းသိန်းကပြောသည်။

အသက်အာမခံလုပ်ငန်းလုပ်ကိုင်ရန်အတွက် ကျပ်သိန်းပေါင်း ၆ သောင်း နှင့် အသက်အာမခံမှ            အပ အခြားအာမခံလုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း ၄ သိန်း မတည်အရင်းအနှီးရှိရမည်ဟု သက်မှတ်ထားခြင်းဖြစ်သည်။

ထိုသို့ သတ်မှတ်ရခြင်းနှင့်ပတ်သက်၍ အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး    ဒေါက်တာမောင်မောင်သိန်းက “ အာမခံလုပ်ငန်းဆိုတာ လိမ်စားလို့လွယ်တဲ့လုပ်ငန်းမျိုးပါ။ လိမ်လို့လွယ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် အများပြည်သူရဲ့ အကျိုးကို ကာကွယ်နိုင်ဖို့ လုပ်ငန်း
လုပ်ကိုင်မယ့် ကုမ္ပဏီကို အာမခံကြေး မြှင့်ထားတာ ” ဟု ပြောသည်။

စီးပွားရေးပညာရှင် ဦးမော်သန်းကမူ ယခုပမာဏကို အာမခံကြေးအဖြစ်ပေးသွင်းနိုင်မည့်သူမှာ မြန်မာနိုင်ငံတွင် လူဦးရေ အနည်းငယ်သာ ရှိနိုင်ကြောင်းပြောသည်။
၎င်းက “ လူတွေကို လျော်ကြေးမပေးဘဲ ထွက်ပြေးမှာစိုးလို့ ကြေးမြင့်ထားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီပမာဏကို တတ်နိုင်တဲ့သူက မြန်မာနိုင်ငံမှာ အစိုးရစီမံကိန်းတွေ ယူလုပ်ပြီး ငွေများများရထားတဲ့ လူဆယ် ဂဏန်းလောက်ပဲရှိမယ် ” ဟုပြောသည်။

အာမခံလုပ်ငန်းအား ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် လုပ်ပိုင်ခွင့်ပေးရန်အတွက် မေလ ၂ ရက်နေ့မှစ၍ လျှောက်လွှာပုံစံများ စတင်ရောင်းချမည်ဖြစ်သော်လည်း တိုင်းရင်းသားပိုင်လုပ်ငန်းများအဖြစ်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦး  အေးမင်းသိန်း က ပြောသည်။

ယင်းအချက်နှင့် ပတ်သက်၍ စီးပွားရေးပညာရှင် ဦးမော်သန်းက “ တိုင်းရင်းသားလုပ်ငန်းရှင်တွေ       အတွက် စဉ်းစားပေးတဲ့သဘောဖြစ်နိုင်တယ်။ နိုင်ငံခြားအာမခံ ကုမ္ပဏီကြီးတွေဝင်လာရင် အခုမှ   လုပ်မယ့် တိုင်းရင်းသားလုပ်ငန်းရှင်တွေမပြောနဲ့ နိုင်ငံပိုင်လုပ်ငန်းပါ နောက်ကောက်ကျသွားနိုင်         တယ် ” ဟုပြောသည်။

အာမခံလုပ်ငန်း အမျိုးအစားအများအပြားရှိသည့် အနက် ၆ မျိုးကိုသာ ပုဂ္ဂလိကလုပ်ပိုင်ခွင့်     ပေးခြင်းဖြစ်၍ ယင်းတို့မှာ အသက်အာမခံ၊ မီးအာမခံ၊ ကားအာမခံ၊ ငွေပို့ငွေသယ် အာမခံ၊   ငွေသားလုံခြုံမှုအာမခံ၊ သမာဓိအာမခံ ( လုပ်ငန်းအသီးသီးရှိ ငွေကိုင်ဝန်ထမ်းများ၏ အကျင့်     စာရိတ္တကို အာမခံထားခြင်း) တို့ ဖြစ်သည်။

လက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်းအား နိုင်ငံပိုင်လုပ်ငန်းအနေဖြင့် အာမခံအမျိုးပေါင်း ၅၁ မျိုးကို လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အာမခံလုပ်ငန်း   လည်းဖြစ်သည်။