Tuesday, February 14, 2012

ရွှေည၀ါ ဆရာတော်ရဲ့ နှုတ်ဆက်ပွဲ ၁၅ ရက် စတင်မည်

 14-2-2012
လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ သာဓုကျောင်းတိုက်က ထွက်ခွာမယ့် ရွှေည၀ါ ဆရာတော် ဦးပညာသီဟဟာ မထွက်ခွာခင် ဆွမ်း ဒါယကာ ဒါယိကာမအပေါင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆွမ်းခံကြွရင်း နှုတ်ဆက်ဖို့ စီစဉ်ထားပါတယ်။
လာမယ့် ၁၅ ရက်ကစပြီး ရပ်ကွက်အလိုက် ဆွမ်းခံကြွရင်း နှုတ်ဆက်မယ့် အစီစဉ်ကို ဆရာတော်က 
အခုလို မိန့်ကြားပါတယ်။
“ကမာရွတ်မြို့နယ် သုံးလေးငါးခြောက်ရပ်ကွက် ၈ နာရီက စကြွမယ်။ ၁၅ ရက်နေ့ပေါ့။ သရက်တော တောင်မြောက်၊ သာဓု အရှေ့အနောက်၊ မန်ကျည်းတန်းမြောက် အရှေ့နောက်တွေကို 
ဗဟို စံပြ ငါးဈေးကြီးအပါအဝင် ပန်းပင်ကြီးလမ်းအထိ ၈ နာရီက စကြွမယ်။ ဒါ ၁၆ ရက်နေ့ပေါ့။
ဗားကရာ အိုးဘိုလမ်းကနေ ရွှေတိုင်လမ်းအထိ နောက်ပါ သံဃာတော်တွေနဲ့ ဆွမ်းခံကြွပေးမယ်။ 
၈ နာရီပါပဲ။ အဲဒါ ၁၇ ရက်နေ့ပေါ့။ ဈေးရှေ့မှာရှိတဲ့ မြောင်းကြီးလမ်းကနေ ဈေးကလေး ဗားကရာလမ်းမကြီးအထိ၊ ဈေးကလေး ဘက်ခြမ်းမှာ ဆိုလို့ရှိရင် ခြင်းလုံးရုံအထိပေါ့။ ၈ နာရီက
စကြွမယ်။ အဲဒါ ၁၈ ရက်နေ့ပေါ့။ နောက်နေ့မှာ အချိန်ကျပြီ ဖြစ်တဲ့အတွက် ထွက်တော်မူမယ်လေ” 
နိုင်ငံတော် သံဃာ့မဟာနကအဖွဲ့က ဆရာတော်ကို မနှစ် ဖေဖော်ဝါရီလကစပြီး တစ်နှစ်တိတိ 
တရားဟောခွင့် ပိတ်ပင်ခဲ့တဲ့ အချိန်ကာလအတွင်း မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တရားဟောပြောခဲ့တယ်ဆိုပြီး ဆရာတော် သီတင်းသုံးနေထိုင်တဲ့ သာဓုကျောင်းတိုက်ကနေ ဒီလ ၁၉ ရက် နောက်ဆုံးထား ထွက်ခွာပေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၈ ရက်က အမိန့် ထုတ်ပြန်ထားတာပါ။ လက်ရှိမှာလည်း ဆရာတော်ကို တရားဟောပြောခွင့် ဆက်လက် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ရွှေည၀ါ ဆရာတော်ဟာ လှိုင်သာယာမြို့နယ် အလယ်ရွာက မီးဘေးဒုက္ခသည်တွေကို 
သွားရောက်ပြီး လှူဒါန်းခဲ့ပါတယ်။ ဒုက္ခသည်တွေကို ထမင်းဟင်း လှူဒါန်းကျွေးမွေးတဲ့အပြင် 
တစ်ဦးကို ကျပ် ၂၀၀ နှုန်းလည်း ထောက်ပံခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။ 
ဆရာတော်ရဲ့လှူဒါန်း ကူညီခဲ့မှုမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အဖွဲ့လည်း 
ပါဝင်ခဲ့ပါတယ်။ RFA