Tuesday, October 4, 2011

အင်းလေးဖေါင်တော်ဦး ဘုရားပွဲ








 အင်းလေးဒေသမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်ပိုင်းရှိ လူသိများ ထင်ရှား ကျော်ကြားသော 
နေရာတစ်ခု ဖြစ်သည်။ ရေပေါ်စိုက်ခင်းများ ရိုးရာရက်ကန်း လုပ်ငန်းများ၊ ရိုးရာငွေထည် ငွေပန်းထိမ် လုပ်ငန်းများ၊ ထူးထူးခြားခြား ခြေထောက်ဖြင့် လှေလှော်သော အင်းသူအင်းသားများ၏ ဓလေ့တို့မှာ ထင်ရှားသည်။ အင်းလေးဖေါင်တော်ဦး ဘုရားမှာလည်း ကျော်စောထင်ရှား တန်ခိုး ကြီးမားပေသည်။ ထိုထင်ရှားမှုများသည် မြန်မာနိုင်ငံ တွင်းသာမက ကမ္ဘာအရပ်ရပ်ထိ ပြန့်နှံ့ ကျော်ကြားပေသည်။ အင်းလေးဖေါင်တော်ဦး မြတ်စွာဘုရားမှာ ဗုဒ္ဓဘာသာဝင်တို့ အတွက် အထွတ်အမြတ် နေရာတစ်ခု
ဖြစ်သည်။

       လက်ရှိ ဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံ ကျောင်းတော်ကြီးမှာ အများပြည်သူ ကောင်းမှုဖြင့်
မြန်မာသက္ကရာဇ် (၁၃၁၄)ခု ခရစ်နှစ် (၁၉၅၃)ခုတွင် အုတ်မြစ်ချ တည်ထားမှု စတင်ခဲ့တာ မြန်မာသက္ကရာဇ် (၁၃၁၇)ခုတွင် ကျောင်းတက်ပွဲ ပြုလုပ်နိုင်ခဲ့သည်။ မူလ ကျောင်းတော်ကြီး တည်ထားဆောက်လုပ်မှုကို အင်းလေးဒေသခံ ဗိသုကာ ပညာရှင်များက ဦးဆောင်လုပ်ကိုင် ပူဇော်ခဲ့သည်ဖြစ်၏။ 

လက်သမားပိုင်းဆိုင်ရာကို အင်းလေးဒေသ၊ သာ လေးရွာမှ ဗိသုကာပညာရှင်ဦးဖူး၊ သံထည်ပိုင်းဆိုင်ရာကို အင်းလေးဒေသ ဆည်ခေါင်းရွာမှ ဗိသုကာပညာရှင် ဦးရတို့က ခေါင်းဆောင်၍ တည်ထား ဆောက်လုပ် ခဲ့ကြသည်ဟု သမိုင်းမှတ်တမ်းများအရ သိရပေသည်။ ကျောင်းတက် ပူဇော်ခံနိုင်ခဲ့ပြီးနောက် အများပြည်သူ ကုသိုလ်ရှင်များ၏ လှူဒါန်းမှုအစုစု အဆက်ဆက် တို့ဖြင့် ကျောင်းတော်ကြီးနှင့် ကျောင်းတော်ကြီး ဝန်းကျင်ပရဝုဏ်ကို ထပ်ဆင့်မွမ်းမံ တည်ဆောက်မှုများဖြင့် ပိုမိုတင့်တယ်စွာ တည်ရှိလာခဲ့ပေသည်။ 

စတင်အုတ်မြစ်ချချိန်မှ ဆိုလျှင် သက်တမ်းနှစ်ပေါင်း ငါးဆယ့်ငါးနှစ် ရှိပြီဖြစ်၍ ကျောင်းတက်ပွဲ ပြုလုပ်ခဲ့ချိန်မှ ဆိုလျှင် နှစ်ပေါင်းငါးဆယ့်နှစ်နှစ် ရှိခဲ့ပေပြီ။