Tuesday, September 27, 2011

ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ


ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့ကြသော သဘာဝပတ်ဝန်းကျင်နှင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် ပြုလုပ်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev ၊ မုံရွေးစာအုပ်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်း၏ အဖွင့်အမှာစကား ပြောကြားမှုဖြင့် မွန်းလွဲ ၁ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ 

ဦးအုန်းက ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းသည် ရေအားလျှပ်စစ်ကို ရောင်းချရန်အတွက် မဖွံ့ဖြိုးသော
နိုင်ငံများအနေဖြင့် ပြုလုပ်ကြသည်ဖြစ်သော်လည်း ရေဝေရေလဲဒေသမှာ အရေးကြီးနေကြောင်း၊ ကချင်ပြည်နယ်သည် ဇီဝစုံလင် ကြွယ်ဝသောဒေသဖြစ်ကာ ပြည်ပပညာရှင်များက ယခုအတိုင်းထားလျှက် ထိန်းသိမ်းထားခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ပြောဆိုမှုများ ရှိခဲ့ကြောင်း၊ ကမ္ဘာတွင် ဆည်များ တည်ဆောက်မှုကြောင့် ရေမစီးတော့သည့်မြစ်များ၊ ပင်လယ်တွင်းသို့ စီးဝင်ခွင့်မရတော့သည့်မြစ်များလည်း ရှိနေကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ထို့ နောက် Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ယင်းမေးခွန်းများတွင် စီးပွားရေးအကျိုးအမြတ် တကယ်ရှိမှာလား၊ ငါ့မယုံငါ့ဘကြီးမေးမှာလား ယုံလို့ပုံပြီး ၀ကွက်အပ်မှာလား၊ တကယ်ပဲ ၇ ရာခိုင်နှုန်းလား၊ ရေဝေရေလဲ ထိန်းသိမ်းရေး ဘယ်သူ၊ ဘယ်လိုလုပ်မှာလဲ၊ ရာသီဥတုပြောင်းလဲခြင်းရော ထည့်တွက်ရဲ့လား၊ သဘာဝဘေး အာမခံနိုင်မလား၊ သန့်စင်သော စွမ်းအင်လို့ ထင်နေသလား၊ လျှပ်စစ်လိုချင်တာလား ဆောက်ချင်တာလား၊ အမျိုးသားစွမ်းအင်လုံခြုံရေး တကယ်စဉ်းစားထားသလား၊ ရေချိုငါးလုပ်ငန်းနဲ့ လဲမှာလား၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေး ဘယ်လိုစဉ်းစားထားသလဲ၊ ကူးစက်ရောဂါနှိမ်နင်းရေး ထည့်စဉ်းစားထားသလား၊ ဇီဝ မျိုးကွဲထိန်းသိမ်းရေး တကယ်အလေးထားမှာလား၊ မြစ်ရေတင် စီမံကိန်းတွေ ဘယ်လိုလုပ်မလဲ၊ ရေငံတားတွေဆောက်ဖို့ ဒီရေတောတွေစိုက်ဖို့ ငွေပေးမှာလား၊ မြစ်ကြောင်း ပြုပြင်ရေးပိုလုပ်မှာလား၊ ရေကောင်း ရေသန့်
သောက်သုံးရေ ပေးဝေနိုင်မှု ဘယ်လောက် ဆုံးရှုံးသွားမလဲ၊ လူ့အခွင့်အရေး အပြည့်အ၀ လေးစားလိုက်နာ မလား၊ သာတူညီမျှမှုနဲ့ တရားမျတမှု ဘယ်လိုအာမခံမလဲ၊ သယံဇာတ ကျိန်စာ တကယ် သင့်ကြတော့ မှာလား စသည်တို့ ပါဝင်ခဲ့ပါသည်။ 

ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာထွန်းလွင်က ဧရာဝတီ မြစ်ဆုံတည်ဆောက်ရန် အကြိုလေ့လာသည့် EIA တွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်းမတွက် ချက်ထားခြင်း၊ ဧရာဝတီမြစ်၏ တစ်နိုင်ငံလုံး လွှမ်းခြုံထားမှု ဧရိယာ ကြီးမားပုံ၊ မြစ်ဆုံမှ မြစ်အောက်ပိုင်း အထိ အသက်မွေးဝမ်းကျောင်းဘ၀များအတွက် မှီခိုထားမှုများ၊ တရုတ် နိုင်ငံတွင် ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို ကြုံနေရပုံ၊ လာမည့် ဆယ်စု နှစ်များ အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းအပါအ၀င် ဒေသများတွင် ရာသီဥတု ပြောင်းလဲမှု ကြုံနိုင်ခြေများ၊ ဆည်ဆောက်လိုက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေအခက်အခဲ ကြုံရနိုင်ပုံ အစရှိသည်တို့ကို တင်ပြခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါဇောင်ဂမ်က သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မြစ်ဆုံတွင် ဆည်ဆောက်မည် ဆိုခြင်းကြောင့် အိပ်မပျော်နိုင်ဘဲ စိတ်ပူပင်နေရမှုများ၊ ရေကာတာ တည်ဆောက်လိုက်ပြီးနောက် ငလျင်ဖြစ်ပေါ်လျှင် မြစ်ကြီးနားမြို့ စက္ကန့်ပိုင်းအတွင်း ရေမြုပ်နိုင်ခြေ၊ မန္တလေးရေကြီးမှု၊ ပဲခူးရေကြီးမှုအကြောင်းများ၊ ကချင်ပြည်နယ်တွင်
ဖြစ်ပွားခဲ့ဖူးသော တောင်ပြိုမှုများ၊ ရေကြီးမှုများ၊ ဆည်တည်ဆောက်ခြင်းအပေါ် ပြန်လည်စဉ်းစားပေးရန် စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။

နိဂုံးချုပ်အမှာစကားကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ရာတွင် ဧရာဝတီမြစ်အပေါ် တစ်နိုင်ငံလုံးက ချစ်မြတ်နိုးတန်ဖိုးထားပုံ၊သတင်းမီဒီယာရှုထောင့်ဖြစ်သော
ပြည်သူလူထုအသံကို နားထောင်စုဆောင်းကာ တင်ပြရခြင်း၊ မြစ်ဆုံစီမံကိန်းအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ သုံးသပ်တင်ပြခြင်း၊ ကချင်တိုင်းရင်းသားတို့ မြစ်ဆုံအပေါ် အထွတ်အမြတ်ထားပုံ၊ ငလျင်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဆက်စပ်နေမှုအား အချက်အလက်များဖြင့် တင်ပြခြင်း၊ CPI ၊  Asia World တို့သို့မေတ္တာရပ်ခံမှုများ၊ တိုင်းရင်းသားများအားလုံး ညီညွတ်ရေးအတွက် မြစ်ဆုံက အရေးပါနေပုံ အစရှိသည့် အကြောင်းအရာတို့ ပါဝင်ခဲ့သည်။

ဟောပြောပွဲသို့ ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊စာပေအနုပညာ နယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်၊ လူမှုရေး အဖွဲ့အစည်းများ နယ်ပယ် စသည့် နယ်ပယ် အသီးသီးမှ စိတ် ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့ သည်။

မိခင်ဧရာဝတီမြစ်ကြီး၏အရေးသည်  တနိုင်ငံလုံးနှင့်သက်ဆိုင်ပြီး မိခင်မြစ်ကြီးရှင်သန်ရေးအတွက် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူ အားလုံး၏တာဝန်ဖြစ်ပေသည်။ မိခင်မြစ်ကြီးတိမ်ကောသွား ပါက မြန်မာနိုင်ငံသားအားလုံး ဒုက္ခဆင်းရဲရောက်ကြမည်မှာ ဧကန်မလွဲပေ။ တတ်သိပညာရှင်များနှင့် တိုင်းရင်းသားပြည်သူအားလုံးက နေ့ စဉ်နှင့်အမျှ ဝေဖန်သံများကျယ်လောင်လာနေပါသည်။ တိုင်ပြည်အရေး လူမျိုးအရေး ပြည်သူ့ အရေးမို့  တိုင်းရင်းသားပြည်သူအားလုံး လက်တွဲညီညီဖြင့် ဒီမိုကရေစီနည်းအရ စစ်အစိုးရနှင့်အစိုးသစ်တို့ ပြုလုပ်ခဲ့ကြသော ကိုယ်ကျိုးရှာ စီးပွားရေးနယ်ချဲ့ တရုတ်ကိုလိုနီများကို အားပေးအားမြှောက်မပြုဘဲ တိုင်းပြည်ဆင်းရဲတွင်းနက်မည့်အရေးကို ပြည်သူ့ အားဖြင့် တွန်းလှန်တိုက်ဖျက်ကာ ပြည်သူ့ ဆန္ဒဖေါ်ပြကြပါစို့ လို့  တိုက်တွန်းလိုက်ပါတယ်။