skip to main |
skip to sidebar
၂၀၁၁-၄-၂၃ ဧရာဝတီ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ကူညီပံ့ပိုးမှုဖြင့်အဖွဲ့ချုပ်ဗဟိုအမျိုးသမီးအဖွဲ့သည် ငွေကျပ်၁၀သိန်းကိုအရင်းပြုကာဗဟန်းမြို့နယ်၊ရာပြည့်ဈေးရှိ ဈေးသူ ဈေးသားများအား တဦးလျှင် ငွေကျပ် နှစ်သောင်းဖြင့် အတိုးမဲ့ချေးငွေ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ချေးငွေထုတ်ချေးပေးရာတွင် ဈေးသူဈေးသားမျာအနေဖြင့် မိမိ အမှန်တကယ် ဈေးရောင်းနေကြောင်း အဆိုပြုလွှာနှင့် သန်ခေါင်စာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ဖြင့် ရုံးချုပ်သို့ လာရောက်ထုတ်ယူနိုင်ကြောင်း ဗဟိုအမျိုးသမီးအဖွဲ့ဝင်များက ပြောသည်။
“သန်းခေါင်စာရင်းမိတ္တူ ယူထားတယ်၊ မှတ်ပုံတင်မိတ္တူနဲ့ သူတို့ဓာတ်ပုံ ယူထားတယ်။ သူတို့ချေးတဲ့ဟာကို ဒီဈေးက ရောင်းတဲ့လူဟာ ဘာအတွက် ဘာအတွက် တကယ်ဈေးရောင်းနေပါတယ်၊ အဲဒီအတွက် တကယ်လိုအပ်တဲ့ နှစ်သောင်းထုတ်ချေးပါတယ်ဆိုတဲ့ အဆိုပြုလွှာကို ရေးရတယ်” ဟု အမျိုးသမီးအဖွဲ့ဝင် ဘဏ္ဍာရေးမှူး မအေးအေးမာက ဆိုသည်။
NLD က ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ အတိုးမဲ့ဖြင့် ဗဟန်းမြို့နယ် ရာပြည့်ဈေးမှ ဈေးသူဈေးသားပေါင်း ၅၀ ဦးခန့်အား ထုတ်ချေးခဲ့ပြီး ချေးငွေယူသော ဈေးသူဈေးသားများကလည်း တရက်လျှင် ၇၀၀ ကျပ်နှုန်းဖြင့် အဖွဲ့ချုပ်ရုံးသို့ ပုံမှန်ပြန်ဆပ်လျက်ရှိကြောင်း သိရှိရသည်။
“အပြင်မှာ ချေးရင် ၁ သောင်းကို အတိုးက ၂ ထောင်၊ ၃ ထောင် ပေးရတယ်။ အတိုးနှုန်းက ၂၀ တိုး၊ ၃၀ တိုး ဖြစ်နေတာ။ အခုလို အဖွဲ့ချုပ်က ချေးပေးတော့ အရမ်းအဆင်ပြေတယ်၊ ကျေးဇူးလည်း တင်တယ်” ဟု ဗဟန်းမြို့နယ်၊ ရာပြည့်ဈေးမှ ဈေးသူဈေးသားတဦးက ဆိုသည်။
မအေးအေးမာ က “အတိုးမဲ့နှုန်းနဲ့ လုပ်ပေးနေတာ ဗဟန်းမြို့နယ်တွေပြီးရင်တော့ တခြားမြို့နယ်တွေဘက်ကိုလည်း လှည့်ချေးပေးဖို့ အစီစဉ်ရှိတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများမှာ စီးပွားရေးကျပ်တည်းမှုများဖြင့် ရင်ဆိုင်နေရသည့်အတွက် မြင့်မားသော ကုန်ဈေးနှုန်း၊ ချေးငွေအတိုးနှုန်းများဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်လာသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အတိုးမဲ့နှုန်းဖြင့် ချေးပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။