Thursday, March 31, 2011

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို၊ နအဖ စစ်အစိုးရကို ဖျက်သိမ်း။

2011-03-30        RFA
အစိုးရသစ်ကို နိုင်ငံတော်အာဏာ လွှဲပြောင်းလိုက်ပြီး လက်ရှိ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း
ရုပ်သံသတင်းက ဒီကနေ့ မတ်လ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီအမိန့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌအနေနဲ့ လက်မှတ်ရေးထိုး ကြေညာခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို အသက် ၅၄ နှစ်အရွယ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဆက်ခံလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ရွှေတြိဂံဒေသ စစ်တိုင်းမှူး ဖြစ်ခဲ့ပါတယ်။
ဒီကနေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်ခန်းမမှာ သမတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့အတူ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော်နာယကတွေနဲ့ လွှတ်တော် အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။
မကြာခင် အသက် ၆၆ နှစ်ပြည့်တော့မဲ့ သမတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ယုံကြည်စိတ်ချရသူ အနီးကပ် လူယုံတဦးအဖြစ် ပြည်တွင်း ပြည်ပက သိကြပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို သမတ ကျမ်းသစ္စာ ကျိန်ဆို၍ တိုင်းပြည်၏ အနာဂတ်ကို ဦးဆောင်ဘို့ 
စစ်ဗိုလ်ချုပ်ကြီးများ အရေလဲပြီး အုပ်ချုပ်တော့မှာဖြစ်ပါတယ်။ တကယ်ဘဲ တိုင်းပြည်ဖွင့်ဖြိုးတိုးတက် စေပြီး ဥပဒေစိုးမိုး၍ လူ့  အခွင့်အရေးတွေကို လေးစားလိုက်နာမည့် အစိုးရသစ်ဖြစ်လာမည်လားဆိုတာ စဉ်စားစရာတွေ အမျာကြီးရှိနေပါတယ်။ ဦးသိန်းစိန်ဟာ လဒ်စားမှုတွေနည်းပြီး ကိုလူရိုးကြီးလို့  ၎င်းတို့ အ သိုင်းအ၀ိုင်းက ဆိုနေကြပေမဲ့ ပြည်သူတွေအနေနဲ့ ကတော့ ယုံကြည်ရခက်နေတယ်လို့ ဆိုပါတယ်။ လူရိုးကြီးဖြစ်လို့  ဗိုလ်ချုပ်ကြီး သန်းရွှေ ရဲ့  အယုံကြည်ရဆုံး ညာလက်ရုံးဖြစ်လို့  သမတ ရာထူးရွေးချယ်ခဲ့တာလို့ ဆိုရင် စစ်မှန်တဲ့ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ဟာ ဘာလဲလို့ မေးစရာရှိနေပါတယ်။
ဒါတွေကိုကြည့်ခြင်းအားဖြင့် အာဏာကိုထိမ်းချုပ်ထားတယ်ဆိုတာ ထင်ရှားနေပါတယ်။