နှစ်ပေါင်း ၅၀ ကျော်ကြာ ဖျက်ဆီးခံခဲ့ရသည့် တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရန် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ အသုံးဝင်မှု ရှိ၊ မရှိ အပေါ် NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် မေးခွန်းထုတ်
နှစ်ပေါင်း ၅၀ ကျော်ကြာ ဖျက်ဆီးခံခဲ့ရသည့် တိုင်းပြည်ကို ပြန်လည် တည်ဆောက်ရန် ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေ အသုံးဝင်မှု ရှိ၊ မရှိအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက မေးခွန်းထုတ်လိုက်သည်။
စက်တင်ဘာ ၈ ရက် နံနက်က တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်ရှိ ကျောက်တန်းဓမ္မာရုံ၌
ပြုလုပ်ခဲ့သည့် တာမွေမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအား ဖွဲ့စည်းပုံ
အခြေခံ ဥပဒေအကြောင်း ဟောပြောသည့် အခမ်းအနားတွင် ဦးကိုနီက ယခုကဲ့သို့ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
တရားလွှတ်တော် ရှေ့နေဦးကိုနီက “၁၉၄၈ လွတ်လပ်ရေးရတဲ့ ဒီဘက်မှာ ဆက်ပြီးတော့
ကျွန်တော်တို့ဟာ ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။ အဲဒီ ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ်ဟာလည်း ကံမကောင်း အကြောင်းမလှတော့ သိပ်မကြာခင် ပျက်သုဉ်းသွားခဲ့ပါတယ်။ အဲဒီလိုဖွဲ့စည်းပုံ အခြေခံစနစ် ပျက်သုဉ်းခြင်းနှင့် အတူ ကျွန်တော်တို့ တိုင်းပြည်ဟာလည်း ပျက်သုဉ်းခဲ့ပါတယ်။ အခု ကျွန်တော်တို့ ပြန်လည် တည်ဆောက်မယ့် နှစ်ပေါင်း ၅၀ ဖျက်ဆီးခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ကြီးကို၊ ပြိုကျပျက်စီးနေတဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်ကြီးကို ပြန်လည် တည်ဆောက်ရမယ့် အချိန်က ဒီအချိန် ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး မရခင်ကတည်းက အမြော်အမြင်ကြီးစွာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြိုတင်ရေးဆွဲခဲ့ကြောင်း၊ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၄၇ စက်တင်ဘာ
၂၄ ရက်မှာ အတည်ပြု ခဲ့သောကြောင့် ၁၉၄၇ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေလို့ ခေါ်ခဲ့သည့်အပြင် ၁၉၄၈ ဇန်န၀ါရီ ၄ ရက်မှာ လက်တွေ့စတင် ကျင့်သုံးခဲ့သောကြောင့် ၁၉၄၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟုလည်း ခေါ်ကြောင်း ဦးကိုနီက ရှင်းပြသည်။
“နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ဖို့ဆိုတဲ့ နေရာမှာ အခြေခံအကျဆုံး အကြောင်းအရာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ၁၉၆၂ ခုနှစ် စစ်တပ်က အဓမ္မ အာဏာသိမ်းလိုက်
တဲ့ အချိန်က စပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အုပ်ချုပ်တဲ့စနစ် ပျက်ပြားခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ဘာလဲဆိုတာ နားမလည် ကြတဲ့သူတွေ အများကြီး ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တကယ် ကျွန်တော်တို့ တိုင်းပြည်တည်ဆောက် ရေးအတွက် အသုံးဝင်ပါ့မလား။ အလုပ်ဖြစ်ပါ့မလား။ မဖြစ်ရင် ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ” ဟု ဦးကိုနီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် မေးခွန်းထုတ်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာ
၆ ရက်က ကျင်းပခဲ့သော အဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်
အရ အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ဦးထွန်းထွန်းဟိန်၊ ဦးအောင်သိန်း၊ ဦးကျော်ဟိုး၊ ဦးကြည်ဝင်း (လပွတ္တာ)၊ ဦးမောင်ဖေတင်၊ ဦးကိုနီ၊ ဦးဌေးဦး စသည့် ရှေ့နေလောကမှ ပုဂ္ဂိုလ်များ ပါဝင်ကြသည်။
EMG