Thursday, August 1, 2013

၈လေးလုံး လူထုအုံကြွမှုကြီးကို အမြင်အမျိုးမျိုးဖြင့် သုံးသပ်ခြင်း



-ရှစ်လေးလုံး အရေးတော်ပုံဟာ ဘာကြောင့်ဖြစ်ခဲ့ရသလဲ။ စဉ်းစားကြည့်မိတယ်။ အကြောင်းရင်း Contributing Factor အမျိုးမျိုးရှိမှာပါ။ ဒါပေမယ့်နောက်ခံအခင်းအကျင်းကိုကြည့်ရင် ဖိလစ်ပိုင်၊
 မြန်မာ၊ တိဘက်၊ ဘင်္ဂလားဒေ့ရှ်၊ တိုင်ဝမ်၊ တရုတ် နဲ့ အင်ဒိုတို့မှာ လူထုအုံကြွမှုတွေဖြစ်ခဲ့တယ်။ လူထုလှုပ်ရှားမှုတွေကျယ်ပြန့်လာပြီလို့ ယူဆခဲ့ကြတယ်။ တစ်ချို့က ကျတော့လဲ အာရှဒီမိုကရေစီ တတိယလှိုင်းအရိုက်လို့ ပြောကြတာပေါ့။ နိုင်ငံတကာ နောက်ခံကားဟာ ယနေ့ အာရပ်နွေဦးလိုပဲ 
အဲ့ဒီ ၁၉၈ဝ လွန်ကာလများမှာ ဒီလို ရိုက်ခတ်ခဲ့တယ်။

-မိမိအမြင်မှာတော့ နောက်ခံအခင်းအကျင်းတွေနဲ့ ၈လေးလုံးအရေးတော်ပုံကြီးဟာ ဆက်စပ်မှုရှိ တယ်လို့မြင်ပါတယ်။ "ဖိနှိပ်မှု သည် အုံကြွမှုကို ဖန်တီးပေးသည်"။ ဒီဟာသည် အမှန်တရားလို့ ယူဆပါတယ်။ ဒီကိစ္စသည်ပင်လျှင် အာရှဒီမိုကရက်တိုင်ဇေးရှင်းရဲ့ တစ်ကယ့် မူလဘူတ အကြောင်းတရားလို့ယူဆပါတယ်။ ဒါကို အထူးအင်အားဖြည့်ပေးနေခဲ့တဲ့ အကြောင်းရင်းတစ်ခုက
တော့ စီးပွားရေးအရချွတ်ခြုံကျခြင်းနဲ့ လူထုအလွန်အမင်းကြပ်တည်းလာခြင်းပဲဖြစ်ပါတယ်။ 1962 အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးစံနစ်အနေနဲ့ ဆိုရှယ်လစ်စီးပွားရေးစံနစ်နဲ့ တံခါးပိတ်မူဝါဒ
ကို ကျင့်သုံးခဲ့ပါတယ်။ ဒီလို လွဲမှားတဲ့ ပေါ်လစီပိုင်းချမှတ်မှုနဲ့ ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးက လူထုကို အလွန်အမင်းကြပ်တည်းစေခဲ့ပြီး ငွေသိမ်းမှုတွေဟာ စီးပွားရေးအကြပ်အတည်းဖြစ်နေတဲ့ လူထုကို ပေါက်ကွဲသွားစေဖို့ဖြစ်နေစေခဲ့ပြီလို့ယူဆပါတယ်။ ဗိုလ်ချုပ်နေဝင်း မိုးပေါ်ထောင်ပစ်တယ် ပြောပြော၊ မပြောပြော လူထုဟာ ဖိနှိပ်ခံရခြင်း၊ စီးပွားရေးအရ ကြပ်တည်းလွန်းနေခြင်း စတဲ့ အချက်အလက်တွေဟာ လူထုတိုက်ပွဲကြီးတစ်ရပ် ဖြစ်ဖို့အတွက် လုံလောက်တဲ့ ရေ၊ မြေ ပြည့်စုံနေခဲ့ပြီလို့ သဘောပေါက်မိပါတယ်။
ဒီအတွက် အစိုးရအပြောင်းအလဲ မလုပ်ပေးရင် လူထုပေါက်ကွဲမှုဟာ မုချမသွေဖြစ်လာရမှာဖြစ်ပြီး ဒီအတိုင်းပဲဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာရှင်အားလုံးထုံးစံအတိုင်း Burma Strong Man ဦးနေဝင်း
ဟာ လူထုကို စိန်ခေါ်ခဲ့ပြီး လူထုလှုပ်ရှားမှုထုံးစံအတိုင်း ဦးနေဝင်းဟာ နောက်ဆုံးတော့ မြန်မာ့နိုင်ငံရေး
စင်မြင့်ပေါ်ကနေ ဆင်းခဲ့ရပါတော့တယ်။ ၁၉၈၈ နောက်ပိုင်း တပ်အုပ်ချုပ်ရေးဝင်လာတာက တစ်ပိုင်းဖြစ်ပေမယ့် ဦးနေဝင်းဟာ မြန်မာ့နိုင်ငံရေးမှာ စင်ပေါ်ကို ဘယ်တော့မှ တက်လာလို့မရတော့ဘဲ ကန့်လန့်ကာနောက်ကွယ်ကနေ နိဂုံးချုပ်ခဲ့ရတာပါ။ ဒါဟာ People Power Movement လို့ခေါ်တဲ့ လူထုတိုက်ပွဲကြီးရဲ့အကျိုးဆက်ဖြစ်ပြီး လူထုက ဒဏ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။

-၁၉၈၈ ခုနှစ် ၈ လပိုင်း ၈ ရက်နေ့ မနက် ၈ နာရီ ၈ မိနစ်မှာ ဒီအရေးတော်ပုံကြီးစတင်ခဲ့ပါတယ်။ 
၁၃ဝဝ ပြည့်အရေးတော်ပုံကြီးနှစ်ငါးဆယ်ပြည့်သောနေ့လို့လဲ မှတ်သားရတယ်။ ဒီကနေ စတင်လိုက်ပြီး သေနတ်တွေရဲ့ပေါက်ကွဲသံတွေဟာ ရန်ကုန်ရဲ့လူများစု စုဝေးရာနေရာတွေထက် ထွက်ပေါ်လာခဲ့ပြီး လမ်းမတွေပေါ် လျှံတက်လာတဲ့ သွေးတွေဟာ ယနေ့အချိန်အထိ လူထုရင်ထဲ စွန်းထင်းပေကျံစေခဲ့ပါတော့တယ်။ ဒီနောက်မှာတော့ ဦးနေဝင်းဟာနောက်ထပ် သူ့နေရာကို သူ့တပည့်
ကို တင်ပြီး နောက်ကွယ်ကိုဝင်သွားခဲ့ပါတယ်။ ဦးနေဝင်းအဖွဲ့ Ne Win's Regime ကို လုံးဝအယုံ အကြည်မရှိတော့တဲ့ လူထုဟာ တော်လှန်ရေးကို ဆက်လက်ကိုင်စွဲခဲ့ကြပြီး ဒေါက်တာမောင်မောင်လို ဦးနေဝင်းအလွန်လွှမ်းမိုးနိုင်သူလို့ မြင်ကြသူအပေါ်လဲ စိတ်ရှည်သည်းခံနိုင်စွမ်းမရှိခဲ့တော့ပါဘူး။ ဒီကာလအတွင်းမှာ တိုင်းပြည်တွင်း မင်းမဲ့စရိုက်ဖြစ်သွားခဲ့ပြီး ကိုယ့်လူနဲ့ကိုယ်ပြန်ထိန်းရတဲ့ စံနစ်ဖြစ်သွားခဲ့ပါတယ်။ ဒီိဟာကို အကြောင်းပြပြီး အစိုးရနေရာကို တပ်မတော်က ဝင်ထိန်းခဲ့ပါတယ်။ ဒီနေရာမှာ ကြားဖြတ်အစိုးရတစ်ရပ် အင်နဲ့အားနဲ့ ထူထောင်နိုင်ခဲ့ရင် အဆင်ပြေမှာဖြစ်တယ်လို့ ပွိုင့်တစ်ခုအနေနဲ့ ရှုမြင်ပါတယ်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည် စကားအရ ဦးနုကို ၁၉၈၈ အပြီးကာလ
မှာ ဖိတ်ခေါ်ခဲ့ပေမယ့် ဦးနုကလဲ သူ့အသိုင်းအဝိုင်းနဲ့သူမို့ ညှိနှိုင်းဖို့ခက်ခဲခဲ့ဟန်ပေါ်ပါတယ်။ ဒီဟာကိုကြည့်ခြင်းအားဖြင့် အရေးတော်ပုံပြီးကာလမှာ အရေးအကြီးဆုံးဖြစ်တဲ့ Law and Order Restoration ကို အင်အားအတောင့်ဆုံး အဖွဲ့က ရယူသွားနိုင်ခဲ့ပြီလို့ ယူဆမိပါတယ်။ ဒီလို အသည်းအသန်အခြေအနေမှာ အရပ်ဖက်အင်အားတွေကို အင်အားတောင့်တင်းနေအောင် စုစည်းသင့်ခဲ့ပေမယ့် မလုပ်နိုင်ခဲ့ခြင်းသည် တော်လှန်ရေးအပြီးကာလအတွက် အဓိက လိုအပ်ချက်လို့ယူဆမိပါတယ်။

-ရှစ်လေးလုံးကာလအပြီးမှာ မက်ဆီကိုတော်လှန်ရေး Fuerzas de Liberacion Nacional (FLN) လှုပ်ရှားမှုဆန်ဆန် အတိုင်း ကျောင်းသားတွေတောခိုသွား ပြီးလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲခဲ့တယ်လို့ ဆိုကြပါတယ်။ ကရင်နဲ့စစ်ရေးအလွန်တင်းမာနေတဲ့ ကာလမှာ ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းကို လက်နက်နည်းနဲ့ဖြေရှင်းပြီး မရရအောင် ချုပ်ကိုင်သွားနိုင်ခဲ့သော စစ်တပ်ကပဲ အလွန်အင်အားကြီးနေတာလား၊ ဒါမှ မဟုတ် တိုင်းရင်းသားလက်နက်ကိုင်၊ ကျောင်းသားလက်နက်
ကိုင်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရတွေနဲ့ ပူးပေါင်းပြီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တပ်မတော် 
အပေါ် ဖိအားပေးဖို့ မတတ်နိုင်ခဲ့ခြင်းလားဆိုတာကို တော့ အတွင်းလူတွေ ပိုသိကြမယ်ထင်ပါတယ်။ ရှစ်လေးလုံးကပေးနေတဲ့ သင်ခန်းစာတွေကတော့အများကြီးပါပဲ။ ပြည်သူကို ထီမထင်သလို ဆက်ဆံ
ရင် အင်မတန် မာကြောတဲ့ ဦးနေဝင်းလို အာဏာရှင်တောင် ဒဏ်ခတ်တာခံရတယ်ဆိုတာကိုတော့ဖြင့် သဘောပေါက်နားလည်နေစေလိမ့်မယ်လို့သာ တွေးနေမိပါတယ်။

စာအုပ်တစ်အုပ်အသစ်ထွက်ပါတယ်။ George Kasifiascas ရေးပါတယ်။ အတွဲနှစ်ပိုင်းရှိပါတယ်။ အပိုင်းနှစ်မှာ ၁၉၈ဝ လွန်ကာလများအထိပါပါတယ်။ သူက လက်ဝဲရှုထောင့်ကနေရေးပါတယ်။ လက်ဝဲတစ်ဦးရဲ့အမြင်ဆိုပါစို့။ သိမ်းထားချင်ရင်တော့ ဝယ်လို့ရမယ်ထင်ပါတယ်။
ဓါတ်ပုံကတော့ whiterosereader.org ကနေ ယူပါတယ်။