Tuesday, July 30, 2013

မီဒီယာ ဥပဒေများနှင့် ပတ်သက်၍ ပြည်သူလူထု၏ ထောက်ခံမှု လက်မှတ်ကောက်ခံရန် အသိပေးကြေညာခြင်း


ပြည်သူ့လွှတ်တော်က ဇူလိုင်လ ၄ ရက်နေ့တွင် အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းတွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိန်းချုပ်မည့် အချက်များ ပါဝင်နေခြင်း၊ မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ) မှရေးဆွဲသည့် သတင်းမီဒီယာ ဥပဒေကြမ်းပါ အချက်အလက်များကို ပြန်လည်ပြင်ဆင်ရန် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ဖိအားပေးနေခြင်းတို့သည်   မြန်မာသတင်းမီဒီယာ လောကအတွက် နောက်ပြန်ဆွဲသည့် ခြေလှမ်းများဖြစ်သည်ဟု မြန်မာဂျာ နယ်လစ်ကွန်ရက်က ယုံကြည်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲပြီးလွှတ်တော်တင်ရန် ပြင်ဆင် လျှက်ရှိသည့် သတင်းမီဒီယာ ဥပဒေကိုလည်း ဒီမိုကရေစီစံနှုန်းများဖြင့် ကိုက်ညီသည့် ဥပဒေ
တစ်ရပ်အဖြစ် အတည်ပြုနိုင်စေရန်နှင့် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည့် ပုံနှိပ်ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်စေ ရန် မီဒီယာသမားများနှင့် ပြည်သူလူထု၏ ဆန္ဒလက်မှတ်များကောက်ယူပြီး ပေးပို့သွားရန် ဆုံးဖြတ်ထားပါသည်။
သတင်းမီဒီယာလွတ်လပ်ခွင့်သည် သတင်းမီဒီယာသမားများ အကျိုးအတွက် သက်သက်သာ မဟုတ်ပဲ ပြည်သူလူထုအားလုံး၏ နေ့စဉ် ဘ၀အတွက်လည်း အရေးပါ၍ တိုက်ရိုက်သက်ဆိုင်     လျှက်ရှိသည်။ သတင်းအချက်အလက်မှန်များ မရရှိပါက ပြည်သူလူထု၏ လူနေမှု၊ စီးပွားရေး၊                  ပညာရေး အကျိုးစီးပွားတို့တွင် တိုက်ရိုက် ထိခိုက်နစ်နာမှုများ ရှိမည်ဖြစ်သည်။
သတင်းမီဒီယာ အထိုက်အလျောက်လွတ်လပ်မှုရရှိခဲ့သည့် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း လူထုခံစားနေရသည့် နစ်နာမှုများ၊ အာဏာပိုင်အချို့၏ မတရားအနိုင်ကျင့်မှုများကို သတင်းမီဒီယာတွင် ဖေါ်ပြနိုင်ခဲ့ခြင်းကြောင့် သက်သာရာရခဲ့ပြီး ပြဿနာများကို ဖြေရှင်းနိုင်ခဲ့သည့် သာဓကများမှာ မီဒီယာလွတ်လပ်ခွင့် နှင့် ပြည်သူလူထုတိုက်ရိုက်သက်ဆိုင်မှု ရှိသည့်အချက်ကို ထင်ရှားစေခဲ့ပြီဖြစ်သည်။

ထို့ကြောင့် မြန်မာဂျာနယ်လစ်ကွန်ရက် အနေဖြင့် လွတ်လပ်သည့် သတင်းမီဒီယာ ဥပဒေထွက်ပေါ်လာရေးအတွက် လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်
ထို့သို့လုပ်ဆောင်ရာတွင် သတင်းမီဒီယာ သမားများသာမကပဲ ပြည်သူလူထုပါ ပါဝင်လာအောင် ရှင်းပြပြီးထောက်ခံမှု ရယူသွားရန်ရှိပါသည်။
ပထမဆုံး အနေဖြင့် လွတ်လပ်သည့် မီဒီယာ ဥပဒေ ပေါ်ထွက်ရေးအတွက် သဘောထားဆန္ဒလက်မှတ်များ ကောက်ယူခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ဖြစ်ကြောင်း သတင်းမီဒီယာသမားများနှင့် ပြည်သူလူထုအားလုံးကို အသိပေးကြေညာအပ်ပါသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်၊
နေစွဲ ၃၀၊ ၇၊၂၀၁၃