Sunday, July 7, 2013

မြန်မာ့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ထူထောင်ရာတွင် တရားဥပဒေစိုးမိုးရေးသည် အဓိကပါဝင်


တရားဥပဒေ စိုးမိုးရေးအကြောင်း ခဏခဏပြောနေတာကို ငြီးငွေ့ကြမလား မသိပါဘူး။ ဒါပေမဲ့လည်း ပြောရမှာပါပဲ။ အစားအစာ နေ့တိုင်းနေ့တိုင်း စားရတာ ငြီးငွေ့တယ်ဆိုပြီး ရပ်ထားရင် ကိုယ့်ခန္ဓာအတွက် အန္တရာယ်ရှိသလို၊ တရားဥပဒေစိုးမိုးရေးကို နိစ္စဓူဝ၊ မလွှဲမရှောင်နိုင်တဲ့ ကိစ္စရပ်ရယ်လို့ မယူဆဘဲ၊ဘေးဖယ်၊ လစ်လျူရှုထားမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်းအတွက် များစွာမှ အန္တရာယ်ရှိမှာပါ။

နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက်၊ တရားဥပဒေစိုးမိုးရေး လိုအပ်ပါတယ်။ ရိုးရိုးလေးပြောရမယ်ဆိုရင်၊ ပြည်သူ-ပြည်သားများဟာ မိမိတို့ အသက်အိုးအိမ်အတွက် အခြေခံလုံခြုံမှုမရှိဘူးဆိုရင်၊ ညီညွတ်ရေးအတွက် အဓိကဖြစ်တဲ့၊ မတူကွဲပြားမှုများကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး၊ တူညီတဲ့ရည်မှန်းချက်တွေ အပေါ် အခြေခံတဲ့လမ်းစဉ်ချမှတ်နိုင်ဖို့ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို အကြမ်းမဖက်တဲ့ နိုင်ငံရေးကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတဲ့ အဖွဲ့တစ်ခုအတွက် တရာဥပဒေစိုးမိုးရေးဟာ အထူးအရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေးရဲ့ သဘောသဘာဝအရ၊ မည်သူမျှ ဥပဒေအထက်မှာ မရှိရပါဘူး။ နိုင်ငံခေါင်းဆောင်အပါအ၀င် အစိုးရအဖွဲ့တစ်ခုလုံးမှစပြီး သာမန်ပြည်သူများအားလုံးဟာ ဥပဒေရဲ့ ကာကွယ်မှုကို ရရှိပိုင်ခွင့်

ရှိသလို၊ ဥပဒေရဲ့ ကန့်သတ်မှုတွေကိုလည်း လက်ခံရမှာဖြစ်ပါတယ်။

အာဏာရှိသူတွေက အာဏာစက်သုံးပြီး အနိုင်ကျင့်တာကို ခွင့်မပြုသလို၊ ပြည်သူတွေထဲကလည်း လူအင်အားသုံးပြီး အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ပိုင်ခွင့်မပေးထားပါဘူး။ အကြမ်းမဖက်လမ်းစဉ်ကို နှစ်သက်ကြတဲ့၊ ငြိမ်းချမ်းရေးကို မြတ်နိုးကြတဲ့၊ ပြည်သူပြည်သားတွေ 

အတွက် ဘ၀ အာမခံချက်ပေးတာကတော့ တရားဥပဒေစိုးမိုးရေးပါပဲ။

နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုရင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားရေးမဏ္ဍိုင်များအကြား ချိန်ခွင်လျှာညီမျှမှုရှိတဲ့အပြင်၊ တာဝန်သိ၊ လွတ်လပ်တဲ့ သတင်းအသိုင်းအ၀ိုင်းနဲ့ နိုးကြားတက်ကြွ၊ တာဝန်သိ၊ တာဝန်ယူစိတ်ရှိတဲ့ ပြည်သူလူထု 

လိုအပ်ပါတယ်။

အောင်ဆန်းစုကြည်