Wednesday, July 3, 2013

" ရွာလည်တဲ့စာ "



လွှတ်တော်ကြီးစဖွင့်တာနဲ့ ထောင့်ထောင့် ကြီးနဲ့ တန်းတိုးပါတော့တယ်။ တကယ့်ကိုနားထောင်ရတာ   တောင့်တောင့် ထောင့် ထောင့်ကြီးနဲ့ ထောင့်နေတာ သတ္တမ အကြိမ်တော့ရှိပါပေါ့ဗျာ။ တိုင်းလုံးကျော် အတွက်သာ ထောင့်နေတာ။ ဒီထောင့် ထောင့်ကြီးက လွှတ်တော်စတိုင်လား မသိ။ကဲ…ကြည့်လေ။ ပထမအကြိမ် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး စဖွင့်တော့ ထုံးစံအတိုင်း ပြည်သူ့လွှတ် တော်         ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့် မိန့်ခွန်းနဲ့ စဖွင့်ရော။ ထုံးစံအတိုင်း မိန့် ခွန်းကြီးက စကားပြောနဲ့ စကားပြေနှစ် နံ စပ်ကြီးလေ။နားထောင်ရတာ ဘယ်လိုကြီးမှန်းမသိ။

လွှတ်တော်ဥက္ကဋ္ဌရဲ့ မိန့်ခွန်းဆိုတော့ တိုင်းလုံးကျော်တို့ လည်း ဘယ်လိုကြီးမှန်း မသိပေမယ့်လည်း နားထောင်ရတာပေါ့။ နား ထောင်ရင်းနဲ့ တိုင်းလုံးကျော်ရဲ့ မိတ်ဆွေ မြန်မာ လို ပြောတတ်တဲ့ နိုင်ငံခြား     သူ တစ်ယောက်ကို ပြေး သတိရမိတယ်။”ဆရာ ကျန်းမာပါရဲ့လားရှင်။ ဆရာနဲ့ စကားပြောခွင့်ရတာ ဝမ်းသာပါသည်ရှင့်” တဲ့။


လွှတ်တော်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ နေရာဆိုတော့ ဒီလိုနေရာမျိုးမှာ စကားပြောတဲ့ အတိုင်းပြော     ရင်   ပြောတဲ့စကားဟာ အနှစ်သာရပေါ့သွားမယ်လို့ ထင်လို့လား၊ ဘာလားတော့မသိဘူးဗျ။ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ လွှတ်တော်ထဲ အဖြေလာပေးတဲ့ ပုဂ္ဂိုလ်တွေ ရော ဆိုလိုက်သမှ အဲဒီနှစ်နံစပ်ကြီးပဲ တွေ့ရသဗျ။

တိုင်းလုံးကျော်တို့ရဲ့ မြန်မာစာပညာရှင် ဆရာမောင်ခင်မင် (ဓနုဖြူ)ကတောင် မနေနိုင်လို့ ဝင်ပြောရတော့တယ်။ ”လွှတ်တော်မှာဆိုရင်လည်း မေးခွန်းတွေကို ဖြေပါ့မယ်လို့ပြောရမှာ။ ဒါဗမာ  စကားပဲ။ လူတိုင်းသိတယ်။ သူတို့ပြောတာက မေး ခွန်းအား ကျွန်တော်မှ ဖြေပါ့မယ်”

တိုင်းလုံးကျော်တို့က ဥာဏ်ရည်နိမ့်တော့ အသစ်ထွင်ဗမာစကားပြောလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲ      သလို တိုင်းလုံးကျော်ပြောတော့ ဘေးမှာရှိနေတဲ့ မဒမ်ရွှေ ဘုတ်က မဲ့ကာရွဲ့ကာနဲ့ ရှင့်အဆိုးမြင်စိတ်       ကို သိမ်းထား။ ဘယ်လိုပဲပြောပြော ရှင် နားလည်ရင်ပြီးရောမဟုတ်လား။ ဆီလိုအပေါက်ရှာနေတဲ့        ဟာ။ ရှင်ပြောနေတာ အပေါ်ယံကိစ္စ။ တကယ့်အနှစ်သာရက စကားလုံးတွေရဲ့အဓိပ္ပာယ်လို့   ငေါက်ဆို လေး ဆိုသဗျ။ ဟုတ်ပ။

တိုင်းလုံးကျော်ကလည်း အကျင့်ကပါနေပြီကိုး။ အပေါ်ယံ တွေက မကောင်းခဲ့တာနှစ် ပရိစ္ဆေဒကြာခဲ့ပြီဆိုတော့ အပေါ်ယံကိုသာ ကြည့်ကြည့် နေမိတာကိုး။ ထားလိုက်ပါ။ တိုင်းလုံးကျော်ရဲ့အမှားပဲ ထားလိုက်ပါလို့ဆိုတာတောင် အခဲမ ကျေနိုင်တဲ့ မဒမ်ရွှေဘုတ်က ကဲ..           ဒီမှာ အနှစ်သာရဆိုပြီး သူရဦးရွှေမန်းရဲ့ အဖွင့် မိန့်ခွန်းကို ရွတ်ပြပြန်တယ်။
”ဥပဒေများ ပြဋ္ဌာန်းရာမှာ တရားမျှတပြီး ပြည်သူအများ အမှန်တကယ် လိုက် နာသင့်သော လိုက်နာနိုင်သော ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်ပါတယ်…”။ဟုတ်တော့ဟုတ်တာပေါ့။

အဲဒီထောင့်ထောင့်ကြီးရဲ့ အနှစ်သာရက ကြားကြ တဲ့အတိုင်း ကောင်းဆိုမှ ကောင်းတဲ့ဗျာ။ လွှတ်တော်ကြီးက ဘယ်လောက်ထိ ကောင်း နေသလဲဆို ဇွန် ၂၇ ရက်မှာ ဆက်သွယ်ရေးအော်ပရေတာလုပ်ခွင့်ရမယ့် ပြည်ပ ကုမ္ပဏီနှစ်ခုကို ဝန်ကြီးဌာနက ကြေညာပေး               မယ်လို့ ဆိုထားသဗျ။ အဲဒါကို ဇွန်၂၆ ရက်မှာဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီးမှ ကုမ္ပဏီရွေးချယ်တာဝန်ပေးတဲ့ကိစ္စ ကို ဆက်လုပ်ဖို့ အစိုးရကို လွှတ်တော်က တိုက်တွန်းလိုက်                 သတဲ့ဗျာ။
အဲဒီအကြောင်း အဆိုတောင် ရိုးရိုးအဆိုမဟုတ်ဘူး။

အရေးကြီးတယ်ဆိုတဲ့ အရေးကြီးအဆိုတဲ့။ အဲဒီအရေးကြီးအဆိုကို တနိုင်းမဲဆန္ဒနယ်က ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက တင်လိုက်တာ ကန့်ကွက်သူမရှိ။ လက်ခုပ် သံတွေ တဖြောင်းဖြောင်းနဲ့ပေါ့။အဲဒီလို လက်ခုပ်သံတဖြောင်းဖြောင်းဆိုတော့ နောက်တစ်နေ့ လွှတ်တော် လည်းစရော ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်း ပြည်သူ့လွှတ်တော် အစည်းအဝေးဆီ အူယားဖားယားပြေးလာရတော့တာပေါ့။

လွှတ်တော်ထဲရောက်တော့ တင်ဒါကိစ္စကို အသေးစိတ်ရှင်းပြ။ ဒီနေ့မှာ တင်ဒါ   အောင်တဲ့သူတွေကို ကြေညာပေးမယ်လို့ တရားဝင်ထုတ်ပြန်ထားပြီးတော့မှ မကြေ ညာနိုင်ရင် ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုနည်းသွားနိုင်တယ်လို့ ရှင်းပြရတယ်။ ဒါနဲ့ ကြေညာမယ့်ကိစ္စ
 ပြန်အိုကေ။ ညနေစောင်းတော့ Telenor Mobile နဲ့ Ooredoo ကုမ္ပဏီတို့ အော်ပရေတာ ရကြောင်း ကြေညာလိုက်တယ်ဗျ။ထားတော့။

ဦးမျိုးဆွေရဲ့ အရေးကြီးအဆိုထဲက တိုင်းလုံး ကျော်တို့နဲ့ ဆိုင်တဲ့ကိစ္စကိုတော့ နည်းနည်းထပ် အာချင်   တယ် ဗျာ။သူပြောတဲ့အထဲမှာ အော်ပရေတာရတဲ့ ပြည် တွင်းကုမ္ပဏီတွေနဲ့ ပြည်ပကုမ္ပဏီတွေ ရေရှည် ယှဉ်ပြိုင်ရာမှာ ပြည်တွင်းကုမ္ပဏီတွေ ရှုံးနိုင်ပြီး ပြည်ပကုမ္ပ ဏီတွေရဲ့ လက်ဝါးကြီးအုပ်ဝါးမျိုတာကို ခံရနိုင်တယ်လို့ ပြည်သူတွေ စိုးရိမ်နေကြသတဲ့ဗျာ။

သြော်…ပြည်သူ့ကိုယ်စားလှယ် ဆိုတော့ ပြည်သူတွေ စိုးရိမ်နေကြ တာကို စိုးရိမ်ပူပန်ပြီး အရေးတကြီး အဆိုတင်ရတာပေါ့။ သြော်…ပြည်သူ၊ ပြည်သူ။ ပြည်သူဆိုတာ အင်မတန် ယေဘုယျ ဆန်လွန်း တဲ့ စကားလေ။ ပြည်သူဆိုတာ တစ် ယောက်လား။ ၁ဝ ယောက်လား။ ၁ဝဝ လား။ ပြည်သူဆိုတာ စီးပွား ရေးသမားတွေလား။ တိုင်းလုံးကျော် တို့လို အခုပဲခေါင်းညိတ်၊ နောက် ရက်မှာ ခေါင်းပြန်ခါ   တတ်တဲ့ လူလတ် တန်းစား ပညာတတ်တွေလား။ ထမင်းနပ် မမှန်သေးတဲ့ ကျောမွဲတွေလား။    ဒါကပြည်သူ ဆိုတဲ့ဝေါဟာရနဲ့ပတ်သက်တဲ့ စဉ်းစားစရာပေါ့ဗျာ။


တိုင်းလုံးကျော်ဆိုလည်း ပြည်သူထဲက ပြည်သူ လေ။ ပြည်သူပြည်သား တိုင်းလုံးကျော်ကရော    လွှတ်တော် ကိုယ်စားလှယ်ကြီး ပြောသလို စိုးရိမ်မိသလားလို့ တွေးမိတယ်။တိုင်းလုံးကျော် ဆိုတာက သာမန်ပြည်သူလေ။ ပြည်ပကုမ္ပဏီကြီးတွေ ဝါးမျိုမှာလား။ မမျိုဘူး လားတော့ ဘယ်သိပါ့မလဲ။တိုင်းလုံးကျော်တို့ သိတာကတော့ အခုထက် ဖုန်းဈေးသက်သာ၊ အခုထက် ဖုန်းပြောခသက်သာ၊ အခုထက် အင်တာနက် မြန်နှုန်းတွေကောင်း။ အဲဒီလို လုပ် ပေးတဲ့ကုမ္ပဏီဆို။ ပြည်တွင်းပဲဖြစ်ဖြစ်။ ပြည်ပပဲဖြစ်ဖြစ် ဦးတောင် အကြိမ်ကြိမ် ချလိုက်ချင်သေးတယ်ဗျာ။

စဉ်းစားကြည့်လေ။ စစ်အစိုးရလက်ထက်တုန်းက ဖုန်းတစ်လုံး သိန်း သုံးလေး ဆယ်။ ပြီးတော့ ငါးသိန်းဖုန်း ပေါ်လာတော့ ဈေးပေါလှပြီအမှတ်နဲ့ တိုင်းလုံးကျော်တို့ ဝယ်လိုက်ကြတာ သိပ်တောင်မကြာလှပါဘူး။ တကုပ်ကုပ်ရေးပြီးရတဲ့ ချွေးနည်းစာ ငါးသိန်းက ဈေးတွေ တတိတိကျ။ အခုတော့ ၁၅ဝဝ၊ အဲဒီ ၁၅ဝဝ ဆိုတာလည်း မဲနှိုက်ရတဲ့ ဘဝ။တကယ် ဆက်သွယ်ရေးက ငါးသိန်းပြီး ဘာလာမယ်၊ ငါးသိန်းဖုန်းဟာ နောက် ဘယ်လောက်ကြာရင် ဈေးဘယ်လောက်ဖြစ်သွားမယ်။ အဲဒီလို အစီအစဉ်လေးများ သနားတော်မူရင် တိုင်းလုံးကျော်တို့လို မရှိမဲ့ ရှိမဲ့ကောင်တွေက ဝယ်သင့်မဝယ်သင့် ချင့်ချိန်လို့ရတာပေါ့။ စဉ်းစားမိတိုင်း ဟိုနေရာက ယားသလို ဒီနေရာက ယားသလိုနဲ့။

‘သြော်..ခုတော့လည်း ဒါတွေ ဒါတွေ ပြီးသွားပါပြီ။ ပြီးသွားပါပြီ။ ဒါပေမဲ့ လည်း…’ အဲဒီလိုတစ်ရံတစ်ခါ   ဆီက မခင်နှင်းဆီ သီချင်းကိုပဲ ထပ်ဆိုရဦးမှာပေါ့ လေ။ ပြီးခဲ့တာတွေ
ထားလိုက်ပေါ့။ ပြီးခဲ့တာတွေ အကြောင်းစဉ်းစားမိရင် ရင်ဘတ် ကြီးလည်းနာ၊ တစ်ထွာတောင်မရှိတဲ့ အစာအိမ်လည်း ခုထိတောင်နာရသေးတာကိုး။ အတိတ်ကို မြေမြှုပ်ရမယ်တဲ့။ ပစ္စုပ္ပန်တည့်တည့်သာရှု၊ အနာဂတ်မှာလည်း အိပ်မက် မက်ချင်စရာ အများကြီးပါတဲ့။

စိတ်ချ လက်ချသာထား၊ နောက်ကြောင်းပြန်မလှည့်ပါ ဘူးတဲ့။စိတ်ချလက်ချသာထား၊ ပြည်သူ့အသံ     ဟာ လွှတ်တော်အသံလို့ဆိုတယ် မဟုတ် လား။ လွှတ်တော်ဆိုတာ လွှတ်တော်နေတာပဲဆိုတော့ တိုင်းလုံးကျော်တို့ မျှော်လင့် နေရတာ တစ်ပုံတစ်ပင်ကြီး။ ဒီတစ်ခေါက်လွှတ်တော် အခြေခံ ဥပဒေပြင်မယ်ဆင် မယ်ဆိုပြီး ပြင်ဦး ဆင်ဦးကြမယ် မဟုတ်လား။ စောင့်မျှော်နေရတာ ရင်မောလှ       ပါပေါ့ လွှတ်တော်ရယ်။

တိုင်းလုံးကျော်