Tuesday, June 18, 2013

၈၈မျိုးဆက်များ ဗြိတိန်နိုင်ငံသို့ သွားရောက်

၈၈မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဌေးကြွယ်၊ မြအေး၊ ကျော်ကျော်ထွေး (မာကီ)၊ မီးမီး (သင်းသင်းအေး)နှင့် နီလာသိန်းတို့ ရှစ်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးနှင့် ဗြိတိသျှကောင်စီ၏ အစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံ (United Kingdom) သို့ ယနေ့ည ၇း၅၀ နာရီအချိန်တွင် Thai Airways ဖြင့် ထွက်ခွာသွားခဲ့ကြသည်။
၈၈မျိုးဆက်တို့၏ ဗြိတိန်နိုင်ငံ (United Kingdom) ခရီးစဉ်တွင် ဗြိတိန်အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာရရုံး ၀န်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဗြိတိသျှ ပါလီမန်လွှတ်တော်သို့ သွားရောက်ကာ ပါလီမန်ဆိုင်ရာ အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကြမည်။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လေ့လာရန်အတွက် မြောက်ပိုင်းအိုင်ယာလန်သို့ လည်းကောင်း၊ ပညာရေးဆိုင်ရာ လေ့လာမှုများအတွက် Oxford တက္ကသိုလ်သို့ လည်းကောင်း သွားရောက်ကြမည်ဖြစ်သည်။
ဗြိတိန်နိုင်ငံ (United Kingdom) လန်ဒန်မြို့ရှိ ဗြိတိသျှကောင်စီသို့ သွားရောက်ပြီး လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးကြမည်ဟု သိရသည်။
၈၈မျိုးဆက်တို့သည် ဗြိတိန်နိုင်ငံရှိ မြန်မာလူမှု အသိုက်အ၀န်းနှင့်လည်း သီးခြားတွေ့ဆုံကြမည်ဖြစ်သည်။