Tuesday, December 18, 2012

အဖွဲ့ချုပ်ပညာရေးကွန်ရက် ဂီတပွဲတော်အတွက် သတင်းစာရှင်းလင်းပွဲကျင်းပ

 ၂၀၁၂-၁၂-၁၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်(၂)နှစ်ပြည့် ပညာဒါနကျောင်းများ ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော်အတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၂ခု၊ ဒီဇင်ဘာ(၁၈)ရက်၊ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။ အဖွဲ့ချုပ် နာယကဦးတင်ဦးက ပညာရေးကွန်ရက် ပေါ်ပေါက်လာခြင်း အကြောင်းကို ရှင်းလင်းပြောကြားပြီး၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က အမေ့အိမ်ကျောင်းများ စတင် ပေါ်ပေါက်လာခြင်းနှင့် အခက်အခဲများ၊ အောင်မြင်မှုများ ရရှိလာခြင်း တို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော သတင်းဌာနများ၏   မေးမြန်းမှုများကို ဒေါက်တာသိန်းလွင်၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးဖြိုးမင်းသိန်း၊ ကိုဘိုဘိုဦးတို့က ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့သည်။ ဂီတပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ် အတွင်း (၂၇)၊(၂၈)ရက် နေ့များတွင် ကျင်းပမည်ဖြစ်သည်။ ဒီဇင်ဘာ(၂၇)ရက်နေ့ မွန်းလွှဲ(၁) နာရီတွင် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် ဖွင့်လှစ်ပေးမည်။ လက်မှတ်များကို (၂)ရက်စာအတွက် (၁၅၀၀၀)ကျပ်နှင့် (၇၅၀၀)ကျပ် နှစ်မျိုး သတ်မှတ်ထားသည်ဟု သိရသည်။