Tuesday, June 19, 2012

လူထုထဲက သံမဏိကလောင်တစ်ချောင်းကြွေလွင့်



၁၇.၆.၂ဝ၁၂ (တနင်္ဂနွေနေ့) ည (၁၁း၃ဝ) နာရီအချိန်တွင် မြန်မာနိုင်ငံ၌ 
လူသိများထင်ရှားသော ထွန်းလင်းတောက်ပသည့် ကြယ်တစ်ပွင့် (သို့) 
သံမဏိကလောင်တစ်ချောင်းဖြစ်သူ သတင်းစာဆရာ လူထုစိန်ဝင်း အသက် (၇၂)နှစ်  
သည် SSC ဆေးရုံ၌ နာတာရှည် အဆုတ်ဝေဒနာဖြင့် ကွယ်လွန်သွား ခဲ့သည်။ ဆရာ၏ 
ဈာပနအား ၁၉.၆.၂ဝ၁၂ (အင်္ဂါနေ့) နေ့လည် (၂းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်၌
 နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ ဦးရဲလွင်(မဇ္ဈိမလှိုင်း)နှင့် ကိုဆောင်းဦး လှိုင်တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဈာပနအခမ်းအနားတွင် သတင်းစာဆရာကြီး ဦးဝင်းတင် 
(ဟံသာဝတီ)နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့မှ 
ဆရာလူထုစိန်ဝင်းအား အမှတ်တရစကားများဖြင့် ဂုဏ်ပြုပြောကြား ခဲ့ကြသည်။ စာပေလောကသားများ၊ ရွှေညဝါဆရာတော်နှင့် ရဟန်းသံဃာတော်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ကျောင်းသားသမ္မဂများ၊ မြန်မာ့နိုင်ငံရေးနယ်ပယ်နှင့် မြန်မာ့
လူမှုရေးနယ်ပယ် အသီးသီး မှ ပညာရှင်များနှင့် ဆရာလူထုစိန်ဝင်းအား လေးစားချစ်ခင် ကြည်ညိုကြသည့် ဧည့်ပရိသတ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ် မြန်မာ့စာပေလောကတွင် စာအရေးနိုင်ဆုံး
ပုဂ္ဂိုလ် တစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ ဆရာသည် ပုံမှန်အားဖြင့် တစ်ရက်လျှင်
 ဆောင်းပါးနှစ်ပုဒ်နှုန်းဖြင့် ဆောင်းပါးများ နေ့စဉ်ရေးသားခဲ့သည့် ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သည်။

ဆရာလူထုစိန်ဝင်း၏ -
“အာဏာပိုင်ဆိုတဲ့ စကားလုံးကြောင့် ပြည်သူ့ဝန်ထမ်းတွေက သူတို့ကိုယ်သူတို့ 
ရုံးတစ်လုံး၊ ဓါးတစ်စင်းနဲ့ အာဏာပိုင်စိုးတဲ့ အရှင်သခင်အဖြစ် မှတ်ယူသွားတတ်ကြ
တယ်။ သူတို့ကို လစာရိက္ခာ ပေးထားကြတဲ့ တိုင်းသူပြည်သားများကို ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ် သဘောထားပြီး အာဏာ ပါဝါပြ ဟိန်းကြဟောက်ကြတယ်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်ဆိုတဲ့ အပြောအဆို အသုံးအနှုန်းမျိုးကိုလည်း ပျောက်အောင်လုပ်ရပါမယ်။ အစိုးရက မိဘမဟုတ်ဘူး။
 ပြည်သူကသာ မိဘဖြစ်တယ်ဆိုတဲ့ စကားကို နားထဲစွဲအောင် လုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေဖြစ်မှာပါ။” ဆိုသည့် အရေးအသားသည် ပြည်သူများအတွက် အသိဉာဏ် တံခါးကို ပွင့်စေခဲ့သည့် စကားရပ်
တစ်ခုဖြစ်သည်။

ဆရာလူထုစိန်ဝင်းသည် နိုင်ငံရေး၊ လူမှုရေးနယ်ပယ်များတွင် မှားယွင်း လွဲချော်နေသည်
များအား ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ရေးသား ပြောဆိုပြီး အစဉ်အမြဲ အမှန်တရားဘက်မှ ရပ်တည်ခဲ့ပြီး စာပေနယ် တွင် သံယောဇဉ်ကြီးစွာဖြင့် မပြတ်တမ်း ဆုံးမသွန်သင်ရင်း ဇရာနှင့် ဘယာဝင်ရောက်ပြီး ဇွဲသတ္တိမလျော့ တမ်း နောက်ဆုံးထွက်သက် အသက်ငင်ငင်ရှိသည့်အထိ ကိုယ်တိုင်ရေး သမိုင်းမှတ်တိုင်တစ်ခု တာဝန် ကျေပွန်ခဲ့သူ အစဉ်အမြဲ အမှန်တရားဘက်မှ ရပ်တည်ခဲ့သော မြန်မာနိုင်ငံ၏ သံမဏိကလောင်တစ်ချောင်း အဖြစ် လူထုအတွက်၊ အမှန်တရားအတွက်၊ ကောင်းရာလုပ်တဲ့သူ၊ မှန်တဲ့အလုပ်လုပ်တဲ့သူ လူထုထဲက လူထုလမ်းပြကြယ်တစ်စင်း ကြွေလွင့်သွားခြင်းအတွက် ကောင်းသောလားခြင်းဖြင့် ကောင်းရာ
သုဂတိ လားပါစေဟု ဆုမွန်တောင်းရင်း …. ရိုသေစွာဖြင့် ဂုဏ်ပြုဦးညွတ်လိုက်ရ
ပါတော့သည်။