Sunday, May 27, 2012

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ထိပ်ပိုင်းနေရာအတွက် ပထမအကြိမ်ညီလာခံကျင်းပ


မိုးဝေ-ရခိုင်ပြည်နယ် (မြစ်မခ)

မေ(၂၆)ရက်၊၂၀၁၂ခုနှစ်။

ရခိုင်အမျိုးသားပါတီဖြစ်သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး(ရတပ)ပါတီအနေဖြင့် မေလ(၃၀)    ရက် နေ့တွင် စစ်တွေမြို့၌ကျင်းပမည့် ပထမအကြိမ်ပါတီညီလာခံတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ အပြောင်း အလဲပြုလုပ်တော့မည်ဖြစ်သည်။

 (ရတပ)ပါတီ၏ ပထမအကြိမ်ကျင်းပမည့်ပါတီညီလာခံတွင်  ဥက္ကဌ၊ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် ဗဟိုကော်မတီဝင်များကို  အဆိုပါညီလာခံတွင် ရွေးချယ်သွားမည်ဖြစ်သည်။


ထို့အပြင် ပါတီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေများနှင့် ပါတီမူဝါဒများကိုလည်း ဗဟိုကော်မတီဝင်များ   ၏ သဘောဆန္ဒအတိုင်း ဆုံးဖြတ်ရေးဆွဲသွားမည်ဟု သိရသည်။

“ဒီလကုန်(၃၀)ရက်နေ့မှာ ပါတီညီလာခံကျင်းပမှာပါ၊အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီးလည်း စစ်တွေ သွားပါ ပြီ”ဟု (ရတပ)ပါတီရန်ကုန်မှ တာဝန်ခံတစ်ဦးက အတည်ပြုပြောဆိုသည်။

ပါတီညီလာခံအား ယခုလ(၃၀) ရက်နေ့မှ (၁)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ရာ၊ ကနဦးတွင် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာကခွင့်ပြုချက်မရသဖြင့်  ခွင့်ပြုချက် ရထားသော ကုန်တန်းရပ်ကွက် ပညာလင်္ကာရကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်။

 လက်ရှိ ခေါင်းဆောင်တာဝန်ယူထားသည့် ပါတီဝင်များအနေဖြင့် ယခုကျင်းပမည့်ညီလာခံတွင် အပြောင်း အလဲ ရှိလာနိုင်ကြောင်း နိုင်ငံရေးအသိုင်းဝိုင်းများက သုံးသပ်နေကြသည်။ လက်ရှိအချိန်တွင်ရခိုင်ပြန်နယ်  ၌ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ခေါင်းဆောင်အပြောင်းလဲ ကိစ္စကို ပြည်သူအများစုက စိတ်ဝင်စား နေကြသည်။

 (ရတပ)ပါတီ၏မြို့နယ်ခွဲရုံးမျာကို ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင် ဖွင့်လှစ်နိုင်ခဲ့သော်လည်း  လက်ရှိ အနေအထားတွင် တောင်ပိုင်းဒေသများတွင် တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်က ရွေးကောက်ပွဲဝင်ခဲ့သော ရခိုင်ဒီမီုကရေစီအဖွဲ့ချုပ်လည်း ပါတီမှတ်ပုံတင်ပြီးပြီဖြစ်ရာ ၂၀၁၅ ခုနှစ်တွင်   ရခိုင်အမျိုးသားနှစ်ပါတီ ပေါင်းစည်းရေးကိစ္စကို လက်ရှိတွင်ထည့်တွက်စဉ်းစားရာ သင့်သည်ဟု နိုင်ငံ ရေးအသိုင်းဝိုင်းက ဆိုသည်။

 “ အခု ချင်းပြည်နယ်မှာဆိုရင် ပါတီနှစ်ခုပေါင်းစည်းလိုက်ပြီ၊   ကျွန်တော်တို့ဘက်မှာတော့ ၂၀၁၅ မှာ အကြိတ် အနှယ်ယှဉ်ပြိုင်ရမှာက အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ရှိလာပြီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ရှိလာပြီ ၊ နောက်ကြံ့ခိုင်ရေးပါတီလည်း ၂၀၁၅ အတွက် ပြင်ဆင်မှုတွေလုပ်နေပြီ ဒီတော့ အခုကျင်းပမဲ့ ရတပ ညီလာခံက ရွေးချယ်မယ့်ခေါင်းဆောင်တွေအနေနဲ့ ဒါတွေကို ထည့်စဉ်းစား သင့်ပါတယ်’’ဟု ရခိုင်နိုင်ငံရေးအား လေ့လာစောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။

  ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က (ရတပ)ပါတီသည် ရခိုင်ပြည်နယ်၌ အင်အာကြီးပါတီဖြစ်သည့်  ကြံ့ခိုင်းရေး ပါတီကို  မြောက်ပိုင်းဒေသတွင် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သည့်ပါတီ ဖြစ်သည်။