Sunday, September 25, 2011

အရှေ့က အနောက်ကို ဆွဲတဲ့ခေတ်

အရှေ့က အနောက်ကို ဆွဲနေပြီတဲ့။ ကမ္ဘာ့အခင်းအကျင်းအသစ်မှာပေါ်လာတဲ့ ဝေါဟာရတခုပါ။ တချိန်တုန်းက အနောက်နိုင်ငံ တွေဟာ အာရှနိုင်ငံတွေအပေါ် ကိုလိုနီလုပ်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာရှနိုင်ငံတွေဟာ စီးပွားရေးမှာ အနောက်နိုင်ငံ တွေအပေါ်  ဦးဆောင်နေပါပြီ။   

တရုတ်ပြည်စီးပွားရေးဖွံ့ဖြိုးမှုဟာ (၁၀)ရာခိုင်နှုန်းနဲ့ ပုံမှန်တိုးတက်နေတဲ့အချိန်မှာ လူဦးရေထူထပ်တဲ့အိန္ဒိယနိုင်ငံရဲ့ အခြေအနေ ဟာလည်း အကောင်းဖက်ကိုဦးတည်နေတာတွေ့ရပါတယ်။ ဥရောပနဲ့အနောက်နိုင်ငံ အတော်များများမှာတော့ ကြွေးထူထပ်မှု ပြဿနာ မဖြေရှင်းနိုင်သေးသလို၊ ရင်းနှီးမြှုပ်နှံမှုတွေကလည်းရပ်တန့်နေပြီး အလုပ်လက်မဲ့ပြဿနာကလည်း ကြီးကြီးမားမား ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။ ဂရိ နဲ့ ပေါ်တူဂီကို ဥရောပ ယူရိုငွေကြေးအဖွဲ့ထဲကနေ ထုတ်ပစ်ဖို့ အထိ အဆိုပြုချက်တွေ တောင်ဖြစ်လာနေပါပြီ။ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ချိန်ခွင်လျှာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖက်မှာ တ၀က်တိတိရှိနေပြီး ဖွံ့ဖြိုးဆဲနိုင်ငံ တွေရဲ့ ကုန်ထုတ်လုပ်မှုဟာ ဖွံ့ဖြိုးပြီးနိုင်ငံ (စက်မှုနိုင်ငံ) တွေကို ၂၀၁၅ ခုနှစ်မှာ ကျော်သွား နိုင်တဲ့ အလားအလာ တွေရှိနေပြီ လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။           

အာရှ၊ အာဖရိက၊ လက်တင်အမေရိက ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လုပ်ခနည်းပြီး လုပ်အားပေါကြွယ်ဝမှုက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ တွေ၊ လုပ်ငန်းရှင်တွေကို ဆွဲဆောင်အားကောင်းနေသလို ၄င်းနိုင်ငံတွေရဲ့ ကြွေးမြီပြဿနာဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေလောက် မကြီးထွားလာတာကလည်း စီးပွားရေးချိန်ခွင်လျှာ တ၀က်တိတိ ဘာ့ကြောင့် ရောက်နေရသလဲဆိုတဲ့ မေးခွန်းအတွက် ခိုင်လုံ တဲ့အဖြေတခုဖြစ်ပါတယ်။ ဖင်လန်နိုင်ငံနဲ့ အလွန်အင်မတန် ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ အက်စတိုးနီးယားနိုင်ငံဟာ ယူရို ငွေကြေး အဖွဲ့ထဲ ၀င်ခွင့် ရပြီးပါပြီ။ သေမယ့်နေ့စစ်ထဲဝင်မိသလိုမျိုးပါ။ ဒါပေမယ့်လို့ စစ်ထဲလိုက်မိတဲ့အတွက် ရိက္ခာနဲ့ဆေးဝါးကိုတော့ အလကားရသွားပါတယ်။ အလဲအလှယ်သဘောပါ။ ဖင်လန်နိုင်ငံက ဘာအကျိုးအမြတ်ရလဲ ဆိုတော့ အက်စတိုးနီးယား အလုပ်သမား ၁ သောင်း ၇ ထောင်ကို လုပ်ခပေါပေါနဲ့ ခေါ်ယူခွင့်ရပါတယ်။ လတ်ဗီးယားနိုင်ငံ၊ လစ်သူရေးနီးယားနိုင်ငံ၊ ပိုလန်နိုင်ငံတွေဟာလည်း ယခင်အရှေ့ဥရောပနိုင်ငံတွေဖြစ်ပြီး ဆိုဗီယက်ယူနီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်ပါတယ်။ အခုတော့ ဥရောပယူနီယံအဖွဲ့ဝင်နိုင်ငံတွေ ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့နွေရာသီမှာ ခွင့်ရက်ရှည်ရတဲ့အတွက် ကျနော် အရှေ့ဥရောပနိုင်ငံဟောင်း တွေဖက် ကားမောင်းရင်း ခရီးထွက်ခဲ့ပါတယ်။ လစ်သူရေးနီးယား ကားလမ်းနဘေးက ရွာကလေးတရွာ အ၀င်ဝမှာ ဈေးရောင်း နေတဲ့အမျိုးသမီးထံကနေ ပျားရည်တပုလင်းဝယ်ခဲ့ပါသေးတယ်။ သူဈေးရောင်းနေတာ အာရှနိုင်ငံတွေမှာလို လမ်းဘေးမှာ ဈေးဗန်းချပြီးရောင်းတာမျိုး မဟုတ်ပါ။ သူ့ကိုယ်ပိုင်ကားကလေးရပ်ပြီး ကားစက်ခေါင်းပေါ်မှာ ပျားရည်ပုလင်းတွေ တင်ရောင်း တာပါ။ ရွာသားဈေးသည် ဈေးရောင်းတာ ကားနဲ့ပါ။ ဆင်ပိန်ကျွဲ ဆိုတဲ့စကား သတိရမိပါသေးတယ်။ Valga ဆိုတဲ့ မြို့ကလေး ဟာ ထူးခြားပါတယ်။ လူဦးရေ တသောင်းကျော် နေထိုင် ပါတယ်။ Valga ကို နိုင်ငံနှစ်ခုက ပိုင်ပါတယ်။ မြို့တခြမ်းဟာ အက်စတိုးနီးယား နိုင်ငံ နယ်နမိတ်ထဲမှာရှိတဲ့အတွက် အက်စတိုးနီးယားကပိုင်ပါတယ်၊ နောက်တခြမ်းက လတ်ဗီးယားအပိုင်ပါ။ လတ်ဗီးယားမှာ ဓာတ်ဆီဈေးကအစ အက်စတိုးနီးယားထက်ပိုသက်သာပါတယ်။ Valga ကို အပြန်ခရီး မှာ ဦးတည် လှည့်ဝင် ခဲ့ပါတယ်။ ခရီးသွားလမ်းညွှန်ဌာနက လတ်ဗီးယားအမျိုးသမီးတဦးကို မေးကြည့်ခဲ့ပါတယ်။ ခင်ဗျားတို့ အရင်က ဆိုဗီယက် ယူနီယံထဲမှာပဲ။ အခု ဥရောပယူနီယံထဲရောက်နေပြန်ပြီ၊ ဥရောပယူနီယံလည်း ဆိုဗီယက်ယူနီယံ ပြိုကျသလိုပြိုကျမှာ မစိုးရိမ်ဖူးလား ဆိုတော့ လတ်ဗီးယားအမျိုးသမီးက အပြုံးနဲ့ပြန်ဖြေပါတယ်။ ယူနီယံတခုပြိုတော့လည်း နောက်ထပ်တခု လာမှာပေါ့၊ မမှုပါဘူးတဲ့။ ဒီအမျိုးသမီးဟာ လတ်ဗီးယား လူလတ်တန်းစားအနွယ်ထဲက ဖြစ်ဖို့များပါတယ်။          

လူလတ်တန်းစားတွေ ဈေးကွက်ထဲ ၀င်ဆန့်လာနိုင်တာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဈေးကွက်ဝယ်လိုအားနဲ့ ငွေကြေး လည်ပတ်မှု အတွက် ချောဆီသဖွယ်ဖြစ်လာစေပါတယ်။ ချမ်းသာတာအပြစ်မဟုတ်ပါ။ ချမ်းသာတာဂုဏ်ရှိပါတယ် ဆိုတဲ့ ခေတ်သစ် တရုတ် ခေါင်းဆောင်တွေရဲ့ သဘောထားဟာ အလဟဿတော့ မဟုတ်တန်ရာ။ တရုတ်ပြည်မှာ သုံးနိုင် စွဲနိုင်တဲ့ လူလတ်တန်းစား သန်း(၄၀၀)ရှိပါတယ်။ လွန်ခဲ့တဲ့ အနှစ်(၃၀)ကာလတုန်းက တရုတ်ပြည်ရဲ့ ဆင်းရဲမွဲတေမှု နဲ့ စီးပွားရေး အခြေအနေဟာ ဒီကနေ့ အာဖရိကနိုင်ငံတွေသာသာလောက်ရှိပါတယ်။ အဲဒီအချိန်တုန်းက တရုတ်ပြည်ကြီး အလျှင်အမြန် ဖွံ့ဖြိုး လာလိမ့်မယ် လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ နပိုလီယန်ပြောခဲ့တဲ့ တရုတ်နဂါးကြီးမနိုးပါစေနဲ့ ဆိုတာကို ရယ်စရာပျက်လုံးသဖွယ် သဘော ထားခဲ့ကြတာပါ။ ဒါပေမယ့် အခု တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အနှစ်(၂၀) အတွင်းမှာ ကြောက်ခမန်း လိလိပါ။           

လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်ပေါင်းများစွာကတည်းက လူသား(လူမျိုးတိုင်း၊နိုင်ငံတိုင်း)ဟာ မြေကြီးကိုထွန်ယက် စိုက်ပျိုးတတ်ခဲ့ တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဆင်းရဲချမ်းသာကွာခြားမှုဆိုတဲ့စကား မရှိပါဘူး။ နိုင်ငံတိုင်း မျိုးနွယ်စုတိုင်း ဆင်းရဲခဲ့ကြ တာပါပဲ။ မြေကြီးကို လက်နဲ့ထွန်ယက်တဲ့ဘ၀ကနေ စက်နဲ့ထွန်ယက်တဲ့ဘ၀ (ဥရောပစက်မှုတော်လှန်ရေးကြီး)  ဖြစ်လာမှ  ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးမွေးမြူရေး၊ သတ္တုတူးဖော်ရေး၊ သယ်ယူပို့ဆောင်ရေး နဲ့ နည်းပညာတွေ တိုးတက်လာခဲ့ပါတယ်။ စက်မှုတော်လှန်ရေးခေတ်နဲ့ ယနေ့ခေတ် ကြားမှာ အနှစ်(၂၀၀)လောက်ကြာခဲ့ပါတယ်။ ရှေ့အလားအလာကို ကြည့်မယ် ဆိုရင် လူသားတွေ (နိုင်ငံတွေ၊ လူမျိုးတွေ) ရဲ့အနာဂတ်ဟာ ပိုမိုတောက်ပလာဖို့ရှိပါတယ်။ ဆင်းရဲနေတဲ့နိုင်ငံတွေ အနာဂတ်မှာ ချမ်းသာလာဖို့ ရှိပါတယ်။ ဒါပေမယ့် အချိန်ဘယ်လောက်ကြာနိုင်မလဲ။ နောက်ထပ် အနှစ်(၂၀၀)ကြာမှာလား? စီးပွားရေးတော့ တိုးတက်ချင်ပါတယ်၊ ကုန်သွယ်မှုတွေတော့ လွပ်လပ်ချင်ပါတယ်၊ နိုင်ငံရေးစနစ်တွေကိုတော့ မပြောင်းချင်ဘူးဆိုတဲ့ လက်ရှိ စစ်ဗိုလ်တမတ်သားအစိုးရလိုမျိုး အုပ်ချုပ်ခံနေရတဲ့နိုင်ငံတွေအဖို့ဆို အနှစ်(၂၀၀)ရဲ့အပြင်ဖက်မှာ ရောက်နေဦးမှာ အမှန်မလွဲပါ။         

တရုတ်ကွန်မြူနစ်အစိုးရက လယ်ယာမြေပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်အခတွေ လျော့ပေါ့ပေးခဲ့တယ်၊ ချေးငွေတွေကို အတိုးအနည်းဆုံးနဲ့ချပေးခဲ့တယ်။ စက်မှုလယ်ယာတွေ၊ စက်မှုလုပ်ငန်းတွေ အထူးစီးပွားရေးဇုံတွေ ဖော်ထုတ်ခဲ့တယ်။ Shenzhen ဟာ တရုတ်ပြည်ဈေးကွက်စီးပွားရေးစနစ်ရဲ့ ပထမဆုံး အထူးစီးပွားရေးဇုံ ဖြစ်ပါတယ်။ ဟောင်ကောင်နဲ့ ချောင်းငယ်လေးတခုသာ ခြားပါတယ်။ ဟောင်ကောင်ကို အဲဒီအချိန်တုန်းက အင်္ဂလိပ်ပိုင် ပါတယ်။  ၂၀၁၀ မှာ Shenzhen အနှစ် ၃၀ ပြည့်ခဲ့ပါပြီ။  တရုတ်ခေါင်းဆောင်တွေဟာ Shenzhen ကို နမူနာပြုပြီး အခြား စီးပွားရေးဇုံတွေကိုလည်း အကောင်အထည်ဖော်ခဲ့ပါတယ်။ ကမ္ဘာကြီးဟာ တပြေးညီမတိုးတက်ပါဘူး။ တရုတ်ပြည် တပြည်လုံး တပြေးညီတိုးတက်ရမယ်လို့ တရုတ်ခေါင်းဆောင်တွေ မယုံကြည်ခဲ့ကြပါဘူး။ ဒါကြောင့် တရုတ်ခေါင်းဆောင်တွေဟာ စီမံကိန်းတွေကို ဒေသအလိုက် အကောင်အထည်ဖော်ခဲ့ပါတယ်။ အခုအချိန်မှာ တရုတ်ပြည်တပြည်လုံးမှာရှိတဲ့ ပင်လယ် ဆိပ်ကမ်းမြို့တိုင်း မြို့တိုင်းဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ဟောင်ကောင်ဟာ တရုတ်ပြည်ထဲမှာ တနိုင်ငံစနစ်နှစ်မျိုး နဲ့ ရပ်တည်နေပါပြီ။    

ဂျပန်လူမျိုးဟာ တဖက်မှာရှုံးရင် တဖက်မှာ လှည့်ယူတတ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနိုင်ငံဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ ဒီကနေ့မှာတော့ စီးပွားရေးမှာ ဦးဆောင်နိုင်ငံဖြစ်နေပါပြီ။ ကမ္ဘာမှာ ဂျပန်တွေ စူရှီရောင်းတာ နည်းသွားပါပြီ။ အမေရိကန်မှာ စူရှီ ဆိုတာ (ဗမာအပါအ၀င်)တခြားလူမျိုးတွေလုပ်ကိုင်တဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်နေပါပြီ။ ဂျပန်ဟာ မော်တော်ကား ထုတ်ဖို့ လိုအပ်တဲ့ သံရိုင်းကို တရုတ်ပြည်ကနေ ထုတ်ယူပါတယ်။ ရာဘာကိုတော့ ဗီယက်နမ်ကနေ တင်သွင်းပါတယ်။ ရောင်းသူဝယ် သူ အပြန်အလှန်အကျိုးရှိကြပါတယ်။     

တရုတ်ပြည်ဟာ သူ့ရဲ့ စက်မှုလုပ်ငန်းတွေအတွက် အာဖရိကရဲ့ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်တွေကို အလိုရှိပါတယ်။ အာဖရိက နိုင်ငံတွေကရော ဘာတွေလိုအပ်ပါသလဲ? အခြေခံအဆောက်အအုံတွေ(လမ်း၊တံတား၊ သယ်ယူပို့ ဆောင်ရေး စသဖြင့်) နဲ့ စီးပွားရေးအထောက်အကူပြု စက်မှုနည်းပညာတွေ လိုအပ်ပါတယ်။ ဒီအတွက် အာဖရိက-တရုတ် အပြန်အလှန် ကုန်သွယ်မှုတွေ  သဘောတူစာချုပ်တွေ ချုပ်ကြပါတယ်။ ရလဒ်အနေနဲ့ အင်ဂိုလာနိုင်ငံဟာ အတိုးနှုန်းထား အနည်းဆုံးနဲ့ တရုတ်ဆီကနေ ချေးငွေတွေရပါတယ်။ ရတဲ့ငွေနဲ့ လမ်းတွေ အဆောက်အအုံတွေ ကျောင်းတွေ ဆေးရုံတွေ ဆောက်ပါတယ်။ တရုတ်က အင်ဂိုလာရဲ့ သဘာဝ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲပါတယ်။ ဘာမှမရှိတဲ့ ပစ္စည်းမဲ့အလုပ်သမားဟာ သူ့ရဲ့ လုပ်အားကို ရောင်းစားရပါတယ်။ ပိုင်ဆိုင်မှုတွေရှိတဲ့အလုပ်ရှင်ဟာ ဘာမှမရှိတဲ့အလုပ်သမားရဲ့ လုပ်အားကို ၀ယ်ယူရပါတယ်။ အလုပ်ရှင်ဟာ အလုပ်သမားအပေါ် လုပ်အားခခေါင်းပုံဖြတ်တာတို့၊ လုပ်အားပိုမိုထုတ်ယူတာတို့ဖြစ်လာခဲ့ရင် အလုပ်သမားဟာ သွေးစုပ်ခံရပြီ၊ အလုပ်ရှင်ဟာ အဓမ္မအမြတ်ထုတ်နေပြီလို့ သတ်မှတ်ပါတယ်။ ဒီသဘောအတိုင်းပဲ နည်းပညာရှိတဲ့ တရုတ်အလုပ်ရှင်ဟာ ဘာမှမရှိတဲ့ အင်ဂိုလာရဲ့ သဘာဝအရင်းအမြစ်တွေကို ရယူပါတယ်။ ဘာမှမရှိတဲ့ အလုပ်သမား အင်ဂိုလာဟာ လုပ်အားအဖြစ်နဲ့ သူ့ရဲ့သဘာဝအရင်းအမြစ်တွေကို တရုတ်အလုပ်ရှင်ထံရောင်းစားရပါတယ်။ တရုတ်အလုပ်ရှင် ဟာ အလုပ်သမား အင်ဂိုလာရဲ့ သဘာဝအရင်းအမြစ်တွေကို ပိုမိုထုတ်ယူအသုံးချတာတို့ အလုပ်သမားအင်ဂိုလာ ရသင့်ရထိုက် တဲ့ လုပ်အားခတွေထက် လျော့ပေါ့ပေးတာတို့ဖြစ်လာခဲ့ရင် ဒါဟာ ကုန်သွယ်မှုမှာ သွေးစုပ်တာပါပဲ။  ဘာလိုချင်ရင် ဘာပေး ရမယ်၊ ဘာပေးလိုက်ရင် ဘာတွေရလာမယ်ဆိုတာ တရုတ်အစိုးရက လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) သူ့အတွေ့အကြုံတွေအရ သိထားပါတယ်။ အင်ဂိုလာအနေနဲ့ တရုတ်တွေသိသလို သိပါသလား? မြန်မာစစ်ခေါင်းဆောင်တွေ တရုတ်တွေ တွက်ချက် သလို တွက်ချက်စဉ်းစား နိုင်ပါသလား?  တရုတ်တွေသူ့လူမျိုးသူ့နိုင်ငံကိုချစ်သလို ပြည်ချစ်ဝါဒ မြန်မာစစ်ခေါင်းဆောင်တွေမှာ ရှိပါသလား? တရုတ်ပြည်မှာ ငလျှင်ဒဏ်ခံရတော့ တရုတ်ဝန်ကြီးချုပ်ဝန်ကြားပေါင်ဟာ ငလျင်ဒဏ်ခံပြည်သူတွေအတွက် တမိနစ်တောင် အလဟဿ အဖြစ်မခံခဲ့ပါဘူး။ တမိနစ် တစက္ကန့်ဟာ ကလေးတယောက်ရဲ့ အသက်နဲ့ ညီမျှကြောင်း တွက်ချက်ပြခဲ့ပါတယ်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခရောက်သူတွေကို အဲဒီတုန်းက ၀န်ကြီးချုပ်ဦးသိန်းစိန် (လက်ရှိသမ္မတ) ဘာပြောခဲ့ပါသလဲ? "ကျုပ်အခုလာတာ ဘာမှမပါသေးဘူး ခင်ဗျားတို့ ဘာလိုအပ်လဲဆိုတာ လာကြည့်တာ၊ ထမင်းစားစရာ ပန်းကန်ပြား၊ မတ်ခွက်ကအစလိုတာ ကျုပ်အခုသိသွားပြီ။ ပြန်လိုက်အုံးမယ်"တဲ့။ ထားလိုက်ပါတော့၊ ပြီးခဲ့တာတွေပြီးခဲ့ပါပြီ။
တရုတ်အကြောင်းပဲ ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။

၁၉၈၀ ၀န်းကျင်ကာလမှာ တရုတ်ဟာ စီးပွားရေးတံခါးဖွင့်ခဲ့ပါတယ်။ ပထမဆုံး လုပ်ကွက်တွေကို ဂျပန်တွေရခဲ့ပါတယ်။ တရုတ်ဟာ သူ့ရဲ့ သဘာဝပတ်ဝန်းကျင်အရင်းအမြစ်နဲ့ လူသားအရင်းအမြစ်ကို အသုံးပြုဖို့ ဂျပန်ကို ပေးခဲ့ပါတယ်။ ပေးတဲ့နေရာ မှာ အမျှော်အမြင်ရှိရှိ၊ သတိကြီးကြီးထားပြီး ပေးခဲ့ပါတယ်။ တရုတ်ပြည်အတွက် လိုအပ်နေတဲ့ နည်းပညာကို ဂျပန်ဆီက ရဖို့ ဆိုတဲ့ အမျှော်အမြင်နဲ့  တရုတ်ပြည်ရဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်ရေးမူအရ သတိကြီးကြီးထားပြီးမှ အလဲအလှယ် လုပ်ခဲ့တာဖြစ်ပါတယ်။ ယန်စီမြစ်မှာ ရေကာတာတည်ဆောက်တော့ (Three Gorges Dam) တရုတ်ခေါင်းဆောင်တွေဟာ ယွမ်ငွေ ၁၈၀ ဘီလီယံ လျာထားခဲ့ပါတယ်။ စီမံကိန်းတွေအကောင်အထည်ဖော်ရင်းနဲ့ ၂၀၀၈ ခုနှစ် အကုန်ပိုင်းရောက်တဲ့ အခါမှာ အသုံးပြုငွေ 148.365 ဘီလီယံရှိခဲ့ပါတယ်။ ရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ကုန်ကျငွေ 64.613 ဘီလီယံ၊ ဘဏ္ဍာရေးကုန်ကျစရိတ်က 15.195 ဘီလီယံ၊ ရေကာတာဆောက်လုပ်တဲ့အတွက် အနီးတ၀ိုက်က ရွှေ့ပြောင်း ပေးလိုက်ရတဲ့ ဒေသခံပြည်သူတွေ ပြန်လည်နေရာချထားရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် အသုံးပြုငွေက 68.557 ဘီလီယံ ဖြစ်ကြောင်း တရုတ်ခေါင်းဆောင်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ရေကာတာကြီး အလုံးစုံလည်ပတ်နိုင်ပြီ၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ပြီဆိုရင် (၁၀)နှစ်အကြာမှာ အရင်းကြေမယ်လို့ တရုတ်တွေ ခန့်မှန်းတွက်ချက်ထားပါတယ်။ ဧရာဝတီကနေ ဘယ်တော့အရင်းကြေမယ်၊ ဘယ်တော့မြတ်မယ်ဆိုတာ တရုတ်အစိုးရတွက်ချက်ထားမှာ အမှန်ပါပဲ။

အမေရိကန်နိုင်ငံသား တရုတ် - အာဖရိက အရေး လေ့လာသူတယောက်ဖြစ်တဲ့ Deborah Brautigam  က The Dragon’s Gift ဆိုတဲ့ စာအုပ်ကို လွန်ခဲ့တဲ့ (၂) နှစ်က ရေးသားခဲ့ပါတယ်။  တရုတ် - အာဖရိက ဆက်ဆံရေးကို လေ့လာ တင်ပြထား ပါတယ်။ စာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေ၊ တွေ့ဆုံမေးမြန်းမှုတွေ စုံစုံလင်လင်နဲ့ ရေးသားထားတာဖြစ်ပါတယ်။ တခုတော့ချန်ထားခဲ့ပါတယ်။ အာဖရိကမှာ တရုတ်တွေ လာဘ်စားတဲ့ကိစ္စနဲ့ အာဖရိကမှာ တရုတ်တွေ သဘာဝပတ်ဝန်းကျင် ကို အလေးမထားတဲ့ ကိစ္စတွေကိုတော့ The Dragon’s Gift မှာ ရေးထားတာမတွေ့ရပါဘူး။ မရေးထားတဲ့အတွက် တရုတ်တွေ လာဘ်မစားဘူးလို့ ကျနော်တို့ ပြောနိုင်ပါသလား? မဖော်ပြထားတဲ့အတွက်ကြောင့် တရုတ်တွေ သဘာဝပတ်ဝန်းကျင်ကို အလေးထားပါတယ်လို့ သင် အာမခံနိုင်ပါသလား?  

ကနေဒါနိုင်ငံသား ဘောဂဗေဒ ဂုရုကြီး Peter Victor က ဟန်ချက်ညီမှုကို အလေးပေး စဉ်းစားတွက်ချက်တာတွေ့ရပါတယ်။  သူ့သဘောထားက စီးပွားရေးတိုးတက်မှုနှုန်း ဟန်ချက်ညီဖို့ အရေးကြီးပါတယ်တဲ့။ အဆက်မပြတ် တိုးတက်မှုရှိနေတယ်ဆိုရင် သဘာဝပတ်ဝန်းကျင်အပိုင်းမှာလည်း အဆက်မပြတ်ဆိုးကျိုးတွေဖြစ်လာစေတယ်ပါတယ်တဲ့။  ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီး မြို့ ကို ဂုရုကြီး ရောက်လာတဲ့အခိုက် သတင်းဌာနတွေနဲ့ အင်တာဗျူးမှာ ပြောသွားတာပါ။ မှတ်သားစရာ ကောင်းပါတယ်။   

စီးပွားရေးတိုးတက်မှု(၁၀)ရာခိုင်နှုန်းနဲ့ ရှေ့ကနေဦးဆောင်နေတဲ့ တရုတ်ပြည်ဆိုတာ မြန်မာပြည်နဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတခု ဖြစ်ပါတယ်။ ဝေးလံတဲ့အာဖရိကအရပ်မှာရှိတဲ့ သဘာဝရင်းမြစ်တွေကိုတောင် သူ့နိုင်ငံ စီးပွားရေးဖွံ့ဖြိုးဖို့ အတွက်လိုအပ်နေတဲ့တရုတ်ပြည်ဟာ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်အရင်းမြစ်တွေကိုလည်း သွားရည်ကျနေမှာပါပဲ။   

အခုခေတ်ဟာ အရှေ့က အနောက်ကိုဆွဲနေတဲ့ခေတ်ဖြစ်ပါတယ်။ ပြည်ချစ်ဝါဒအမြင်ရှိဖို့လိုပါတယ်။ အရှေ့က အနောက်ကို ဆွဲနေတဲ့ ခေတ်မှာ တရုတ်က ဧရာဝတီကို ဆွဲနေပါပြီ။ တရုတ်ပြည်ကြီး (၁၀)ရာခိုင်နှုန်းနဲ့ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေဖို့  မြန်မာပြည်ရဲ့ ဧရာဝတီကို စတေးလိုက်ရတဲ့ အဖြစ်မျိုး (လုံးဝ)  အဖြစ်မခံနိုင်ပါ။ ခေါင်းဆောင်တွေ အမျှော်အမြင်ရှိကြပါစေ။



သားဆွေ