Monday, July 4, 2011

ကြံ့ခိုင်ရေး ပါတီ နှစ် ၅၀ စီမံကိန်း ပြည်နယ်ဝန်ကြီး တစ်ဦးမှ ထုတ်ဖေါ် ပြောကြား

ရခိုင်ပြည်နယ်မှ ၀န်ကြီး တစ်ဦးက ကြံ့ခိုင်ရေး ပါတီ အနေဖြင့် မြန်မာနိုင်ငံကိုနှစ်ပေါင်း ၅၀ အုပ်ချုပ်ရန် 
စီမံကိန်းချထားကြောင်း လူသိရှင်ကြား ထုတ်ဖေါ်ပြောကြားသည်ဟု သိရသည်။ယခုကဲ့သို့
ပြောကြားသော ၀န်ကြီးမှာ ကြံ့ခိုင်ရေး ပါတီမှ ယခင် ရခိုင်ပြည်နယ်ပို့ဆောင်ရေး ၀န်ကြီး (ယခု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး) ဦးစိုးအေးဖြစ်သည်။
ကျက်တောပြင် ကျေးရွာ ဒေသခံ အရပ်လူကြီး တစ်ဦးက “ သူက ကျွန်တော်တို့ရွာကို ၅လပိုင်း ၂၃ ရက်နေ့
မှာ မျိုးစပါးတွေ ပေးဖို့ ရောက်ပါတယ်။ အဲသလို ရောက်တဲ့အခါအသံချဲ့စက်နဲ့ ပြောပါတယ် ခင်ဗျား။ သူက ဘာပြောလဲ ဆိုရင် အခု အနိုင်ရထားတဲ့ရခိုင်ပါတီဟာ နောက်က လိုက်ပြီး လက်ခုပ် တီးပေးဖို့ အဆင့်ဘဲရှိ တယ်။ပြည်ခိုင်ဖြိုးပါတီဟာ နှစ် ၅၀ အုပ်ချုပ်မယ့် စီမံကိန်း ချမှတ် ထားတယ် ဆိုပြီးပြောဆိုသွားပါတယ်” 
ဟု ပြောသည်။
ဝန်ကြီး ဦးစိုးအေးသည် ကျက်တောပြင်ရွာတွင်သာမကတခြားကျေးရွာများ ဖြစ်ကြသည့်သဲချောင်းရွာ၊
ကျောက်နီရွာ၊ မင်းဂံရွာ၊ ကျောက်ငူ၊ တောင်ရင်းရွာများတွင်လည်းအသံချဲ့စက်ဖြင့် ထိုသို့ လူသိရှင်ကြား
ပြောဆိုသွားကြောင်း သိရသည်။
တောင်ရင်းရွာသား တစ်ဦးကလည်း “ နောက်လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်ပါတီကို မဲမပေးဘဲ ကြံ့ခိုင်ရေး
ပါတီကိုသာ မဲပေးဖို့ အတွက် စပါးပေးတဲ့ အခါ ပြောပါတယ်။တကယ်လို့ ရခိုင်ပါတီကို မဲပေးပါက တခုမှ 
လုပ်ပေးမှာ မဟုတ်ဘူး။ ကြံ့ခိုင်ရေး ပါတီ
နှစ် ၅၀ တိုင်းပြည်ကို အုပ်ချုပ်မယ့် အစိုးရ ဖြစ်တဲ့အတွက် ကြံ့ခိုင်ရေး ပါတီကလွဲပြီး ဘယ်သူမှ တိုင်းပြည်မှာ 
လိုအပ်တာကို လုပ်ပေး နိုင်မှာ မဟုတ်ဘူးလို့လည်းပြောပါတယ်။”
၎င်းပြင် ဦးစိုးအေးသည် ကျောက်ငူကျေးရွာသို့ ရောက်ရှိလာသောအခါ ကျောင်းဆရာတစ်ဦးကိုလည်း
ကြိမ်းမောင်သွားကြောင်း အရပ်လူကြီး တစ်ဦးကပြောသည်။
“ ကျောက်ငူကျေးရွာက မဲရုံမှုးလုပ်တဲ့ ကျောင်းဆရာတဦးကိုလည်း ဘာမှ မဆိုင်ဘဲနဲ့ဦးစိုးအေးက ကြံ့ခိုင်ရေးပါတီ မဲမနိုင်တာ မင်းကြောင့် ဖြစ်တယ်။ မင်းအလုပ်ပြုတ်သွားချင်သလား။ 
မင်းကို ငါ ချက်ချင်း အလုပ်ဖြုတ်ပစ်လို့ ရတယ်။ မင်း ငါဘာကောင်ဆိုတာ သိလားလို့ခြိမ်းခြောက်
ပါတယ်။ အစည်းအဝေးမှာလည်း ကျောက်ဖြူကရခိုင်အမတ်တွေဟာ ဘာစာမှမတတ်တဲ့ ကောင်တွေ။
နှစ်ယောက်ပေါင်းလို့ ၈ တန်း မအောင်တဲ့ကောင်တွေဖြစ်တယ်။ လက်ခုတ်တီးဖို့ လိုက်လာတာ
ဖြစ်တယ်လို့ အသံချဲ့စက်နဲ့ရွာမှာပြောသွားပါတယ်” ဟု ပြောသည်။
ဦးစိုးအေးမှာ ကျေးရွာများတွင် မျိုးစပါး အနည်းငယ်စီကို ပေးပြီး ထိုသို့ကြံ့ခိုင်ရေး နှစ် ၅၀ စီမံကိန်းနှင့် ရခိုင်ပါတီ မကောင်းကြောင်းကို တရွာဝင်တရွာထွက် ပြောဆိုသွားခြင်း ဖြစ်သည်။ဦးစိုးအေးသည် ကြံ့ခိုင်ရေး အမာခံတစ်ဦးဖြစ်ပြီး ဂွမြို့နယ် အမှတ် (၂) မဲဆန္ဒ နယ်မြေက အနိုင်ရ ကြံ့ခိုင်ရေးပြည်နယ် လွှတ်တော် 
အမတ် ဖြစ်သည်။ယခုအခါ ကြံ့ခိုင်ရေး ပါတီ တာဝန်ရှိသူများသည် ရခိုင်ပြည်အတွင်းပြုလုပ်သောခရီးစဉ်
များတွင် ရခိုင်တိုင်းရင်းသားများ ပါတီ မကောင်းကြောင်းနှင့် လမ်း၊တံတား၊ကျောင်း၊ ဆေးခန်းများ 
လိုအပ်ပါက ရခိုင်ပြည်သူများ မဲပေးထားသော ရခိုင်ပါတီမှသွားတောင်းရန် ငယ်ကြီးငယ်နာဖေါ်ကာ
ပြောဆို လျှက်ရှိကြောင်း သိရသည်။