Saturday, January 11, 2014

သမ္မတဖြစ်ခွင့် ကန့်သတ်ချက်အပေါ် အမေရိကန်သံအမတ်ကြီး မေးခွန်းထုတ်


၂၀၁၄-၁-၁၁
 ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတတဲ့ နိုင်ငံရေးဖြစ်စဉ်အဖြစ်သာ မြင်တွေ့လိုပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ဟာ အတိတ်ရဲ့ အမွေတစ်ခုသာ ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ပြည်တွင်းထုတ် သတင်းမီဒီယာတွေကို အမေရိကန်သံရုံးက ဒီကနေ့ပေးပို့တဲ့ အထူးမှတ်ချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို သမ္မတဖြစ်ခွင့် ကန့်သတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မမျိုးကို သူနားမလည်နိုင်ပါဘူးလို့လည်း Mr. Mitchell က ပြောကြားပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ဒါမှမဟုတ် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ပါတယ်ဆိုရင်တောင် ပြင်ပကမ္ဘာကို စိုးရိမ်ကြောက်ရွံ့လို့ ထည့်ထားတဲ့ ဥပဒေပုဒ်မဆိုတာ နားလည်လို့ရကြောင်း၊ ဒါပေမယ့် အခုလို ၂၁ ရာစုအတွင်း ပွင့်လင်းလွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်သစ်မှာ ကမ္ဘာကြီးနဲ့ တသားဖြစ်ဖို့ ကြိုးပမ်းရမယ့်ကာလဖြစ်ကြောင်း၊ ဒါ့ကြောင့် ဒီကန့်သတ်ချက်ဥပဒေနဲ့ ဒီစိုးရိမ်ကြောက်ရွံ့မှုဟာအတိတ်ရဲ့ ရုပ်ကြွင်းတစ်ခုသာ ဖြစ်နေကြောင်းလည်း
 Mr. Mitchell က ပြောပါတယ်။ အမေရိကန် သံအမတ်ကြီးရဲ့ အထူးမှတ်ချက်ကို ရန်ကုန်မှာ ထုတ်ဝေတဲ့ ဧရာဝတီ၊ မဇ္ဈိမ၊ 7 Day နဲ့ Myanmar Times သတင်းစာစောင် ၄ ခုကို သီးသန့်ပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။ အဓိက နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦး၊ အရေးပါတဲ့လွှတ်တော်ကော်မတီ
ကြီးတစ်ခုရဲ့ ဥက္ကဋ္ဌတစ်ဦးနဲ့ တိုင်းပြည်ရဲ့ အောင်မြင်မှုနဲ့ အင်အားတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်နေတဲ့ အမျိုးသမီးကြီးတစ်ဦးနဲ့ ပြည်သူအများက ထင်ထင်ရှားရှား အားပေး ထောက်ခံ သူတစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ကနေ ဖယ်ထုတ်ထားတာဟာလည်း မေးခွန်းထုတ်စရာဖြစ်ပါတယ်လို့လည်း အမေရိကန်သံအမတ်ကြီးက မှတ်ချက်ပေးထားပါတယ်။ RFA